ပါတီအပေါ်သစ္စာရှိသော ကမ္ဘာ့အဆင့်မှီ စစ်တပ်တစ်တပ် လိုအပ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်ပြောကြား

ပါတီအပေါ်သစ္စာရှိသော ကမ္ဘာ့အဆင့်မှီ စစ်တပ်တစ်တပ် လိုအပ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်ပြောကြား

ဘေဂျင်း၊ ဇူလိုင် ၃၀ ။           ။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထူထောင်သည့် နှစ် ၉၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအဖြစ် စစ်ရေးပြပွဲကို တနင်္ဂနွေနေ့၌ ကျင်းပနေစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ပင်က ကျူးကျော်လာမည့် ရန်သူများကို ချေမှုန်းနိုင်သည့် ကမ္ဘာ့အဆင့်မှီ စစ်တပ်တစ်တပ် တည်ဆောက်ဖို့ လိုအပ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်တွင် သမ္မတရာထူး လက်ခံရယူပြီးကတည်းက ရှီကျင့်ပင်သည် ပိုမိုအားကောင်းသော၊ တိုက်ခိုက်ရန် အသင့်ရှိနေသော စစ်တပ်တစ်တပ် တည်ဆောက်ဖို့ တိုက်တွန်းပြောဆိုနေခဲ့ပြီး ကမ္ဘာ့ကြည်းတပ် အင်အားအကြီးဆုံးဖြစ်သည့် PLA တပ်မတော်ကို အာဏာရကွန်မြူနစ်ပါတီမှ ပိုမိုချုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေခဲ့ သည်။

တနင်္ဂနွေနေ့တွင် ကျင်းပသော စစ်ရေးပြအခမ်းအနားတွင် တပ်သား ၁၂၀၀၀၊ လေယာဉ်ပျံ ရ၀၀ နှင့် မြေပြင် တိုက်ခိုက်ရေးလက်နက်များကို ချီတက်ပြသခဲ့ပြီး သမ္မတရှီကျင့်ပင်ကိုယ်တိုင်   လေ့လာကြည့်ရှုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

“ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး အလုံးစုံမရရှိသေးပါဘူး။ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရမှာပါ” ဟု ရှီက စစ်တပ်ပြောက်ကျားဝတ်စုံကို ၀တ်ဆင်ထားရင်း Zhurihe စစ်သင်တန်းဌာနချုပ်၌ မိန့်ခွန်းပြောကြားခဲ့သည်။

“ယနေ့မှာ ကျုပ်တို့ဟာ အင်အားကြီးမားတဲ့ တရုတ်နိုင်ငံတော်ကြီးအဖြစ် သွေးသစ်လောင်းပေးမယ့် ရည်မှန်း ချက်တွေ အကောင်အထည်ပေါ်လာဖို့ နီးစပ်လာပါပြီ။ သမိုင်းတစ်လျှောက် ပိုမိုသာလွန်ပြီး ပိုမိုအားကောင်းတဲ့ ပြည်သူ့စစ်တပ်ကြီး တစ်တပ်ထူထောင်ဖို့ ကျုပ်တို့လိုအပ်ပါတယ်” ဟု ရှီက ပြောခဲ့သည်။

ဒါ့အပြင် ရှီက PLA တပ်မတော်သည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုအပြည့်အဝကို လိုက်နာရန်နှင့် ပါတီမှ ညွန်ကြားလိုက်သည့် နေရာမှန်သမျှကို ချီတက်နိုင်ရမည်ဖြစ်ကာ ပါတီအပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း အမိန့် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required