လေယာဉ်ပျံအား အကြမ်းဖက်တိုက်ခိုက်မည်ဟု သံသယရှိရသော လူ၄ဦးကို သြစတြေးလျဖမ်းဆီး

လေယာဉ်ပျံအား အကြမ်းဖက်တိုက်ခိုက်မည်ဟု သံသယရှိရသော လူ၄ဦးကို သြစတြေးလျဖမ်းဆီး

မဲလ်ဘုန်း၊ သြစတြေးလျ ဇူလိုင် ၃၀ ။              ။ လေယာဉ်ပျံအား အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်နေသည်ဟု သံသယရှိရသော အမျိုးသား ၄ ဦးကို အကြမ်းဖက်တန်ပြန်စစ်ဆင်ရေးအဖွဲ့မှ ဆစ်ဒနီမြို့တွင် စနေနေ့က ဖမ်းဆီးခဲ့ကြောင်း သြစတြေးလျ ၀န်ကြီးချုပ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“ အကြမ်းဖက်မှု တန်ပြန်စစ်ဆေးရေးအတွက် ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ညက လေယာဉ်ပျံတစ်စင်းကို အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေကြတဲ့သူတွေကို လျှပ်တပြက် ဖမ်းဆီးခဲ့ကြပါတယ်” ဟု မယ်လ်ကွန်တန်ဘူးလ် က ဆစ်ဒနီ၌ သတင်းထောက်များကို ပြောခဲ့ပြီး အကြမ်းဖက်ခြိမ်းခြောက်ခံရမှုမှာ အမှန်တကယ်ဖြစ်ပွားနေ ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဒါ့အပြင် တန်ဘူးလ်က အကြမ်းဖက်တန်ပြန် စစ်ဆင်ရေးများကို အထူးလုပ်ဆောင်နေကြောင်းနှင့် အဓိက လေဆိပ်ကြီးများတွင် လုံခြံုရေးအစီအမံများကို တင်းကြပ်စွာချထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ဘယ်နေရာ၊ ဘယ်နေ့၊ ဘယ်အချိန်မှာ တိုက်ခိုက်ခံရမလဲဆိုတာကို ကျနော်တို့ သတင်းအတိအကျ ရထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ စုံစမ်းလို့ရရှိထားတဲ့ အချက်အလက်တွေအရ တိုက်ခိုက်ခံရနိုင်မယ့် နေရာ တွေဟာ လေကြောင်းအဆောက်အဦး နေရာတွေ ဖြစ်နိုင်တယ်လို့ ဖော်ပြနေပါတယ်” ဟု သြစတြေးလျ ဗဟို ရဲတပ်ဖွဲ့မှ ရဲမှူးကြီး အန်ဒရူးကော်လ်ဗင်က ပြောခဲ့သည်။

လုံခြံုရေးတပ်ဖွဲ့များက အဆိုပါတိုက်ခိုက်မှုသည် အကြမ်းဖက်အဖွဲ့အစည်း အိုင်အက်စ်တို့နှင့် ပက်သက်ဆက် နွယ်နေသည်ဟု ယူဆနေကြကြောင်း သူက ဖြည့်စွက် ပြောကြားခဲ့သည်။

အကြမ်းဖက်တန်ပြန် စစ်ဆင်ရေးအဖွဲ့များသည် ပြီးခဲ့သောစနေနေ့က နယူးဆောက်သ်ဝေးလ်ပြည်နယ်ရှိ ဆင်ခြေဖုံးဒေသများဖြစ်ကြသော လိခ်ခမ်ဘာ၊ ဆာရီဟေးလ်၊ ၀ိုင်လီပါ့ခ်နှင့် ပန့်ချ်ဘိုးလ် တို့ရှိ နေအိမ်များသို့ ၀င်ရောက်စီးနင်းကာ ဖမ်းဆီးမှု ၄ခုကို လုပ်ဆောင်ခဲ့ကြသည်။

သြစတြေးလျနိုင်ငံတွင် လွန်ခဲ့သော ၂၀၁၄ခုနှစ် စက်တင်ဘာလကတည်းက အကြမ်းဖက်အတွက် တပ်လှန့် ထားပြီး နိုင်ငံအတွင်းရှိ ဒေသများကို ကာကွယ်ရန်အတွက် အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေအများအပြားကို ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required