မိုးမိတ်မှ မူးယစ်ဆေးစွဲနေသည့် မိဘများထံမှ ထွက်ပြေးလာသော ကလေးငယ် ၄ ဦးအနက် ၂ ဦးသေဆုံးခဲ့

မိုးမိတ်မှ မူးယစ်ဆေးစွဲနေသည့် မိဘများထံမှ ထွက်ပြေးလာသော ကလေးငယ် ၄ ဦးအနက် ၂ ဦးသေဆုံးခဲ့
ဓာတ်ပုံ-ဦးဝင်းဦး
 

ရန်ကုန်၊ ဇူလိုင်လ ၃ဝ ။        ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ကျောက်လုံးကြီးကျေးရွာနေ မူးယစ်ဆေးစွဲနေသော မိဘနှစ်ဦးက ကလေးငယ်များကို ရောင်းစားရန် စီစဉ်နေသည့်အတွက် ထွက်ပြေးလာသော ကလေးငယ် ၄ ဦး အနက် ၂ ဦး သေဆုံးခဲ့ကြောင်း ကူညီပေးနေသည့် မိုးကုတ်မြို့၊ မြတ်စေတနာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းဦးက မဇ္စျိမသို့ အတည်ပြုပြောသည်။

အဆိုပါ မူးယစ်ဆေးစွဲနေသော မိဘများထံမှ သမီးကြီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မနန်းလှလှထွေးက ဦးဆောင်ပြီး ၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဦး၊ ၂ နှစ်နှင့် ရက် ၂ဝ အရွယ် မိန်းကလေးနှစ်ဦးကို ခေါ်ဆောင်ကာ ဇူလိုင်လ ၂၃ ရက်နေ့က မိုးမိတ်မြို့ထဲသို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးစွဲနေသော မိဘများထံမှ ထွက်ပြေးလာသော ကလေး ၄ ဦးအနက် ဇူလိုင်လ ၂၅ ရက်တွင် အသက် ၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဦးနှင့် ဇူလိုင်လ ၂၉ ရက်တွင် ၂ နှစ်အရွယ် မိန်းကလေး တစ်ဦး ဆုံးပါးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ထွက်ပြေးလာသော ကလေး ၄ ဦးအနက် ၃ ဦးမှာ ကျန်းမာရေးမကောင်းသဖြင့်  အဒေါ်ဖြစ်သူ ကူညီမှုကြောင့် မိုးမိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံ ယူနေစဉ်  ဇူလိုင်လ ၂၄ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် ၅  နှစ်အရွယ် ယောင်္ကျားလေးမှာ အာဟာရပြတ်လပ်သည့်ဒဏ်ဖြင့် သေဆုံးခဲ့သည်။

ထိုသို့ သေဆုံးခဲ့သည့်အတွက် ကျန်ရှိသည့် ကလေးငယ် ၃ ဦးအား မိုးမိတ်ရွှေပါရမီပရဟိတအသင်းနှင့် စေတနာရှင်များက ကလေးအထူးကုရှိသည့် မိုးကုတ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၆ နာရီတွင် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး နံနက် ၈ နာရီခန့်အချိန်တွင် ၂ နှစ်အရွယ် မိန်းလေးငယ်တစ်ဦးမှာ ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။

“ လေးယောက်ထဲမှာ သမီးကြီး မနန်းလှလှထွေးကတော့ ဘာမှမဖြစ်ပါဘူး။ ကျန်ရှိတဲ့ ကလေးသုံးယောက်က အဟာရချို့တဲ့တဲ့ဒဏ်နဲ့ ကျန်းမာရေးမကောင်းဘူးပေါ့။ အဲ့ဒီ ဒဏ်ကြောင့်ပဲ ကလေး ၂ ဦးဆုံးသွားပါပြီ။ သမီး မနန်းလှလှထွေးက တကယ့် သူရဲကောင်းလေးပါ။ ဒီအသက်အရွယ်နဲ့ ကလေးသုံးယောက်ကို လက်ထဲ ပိုက်ဆံ သုံထောင်လောက်နဲ့ မိုးမိတ် မြို့ပေါ်ထိ ခေါ်လာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူ့ခမျာ ရအောင် လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် လေးစားတာ။ ကျန်တဲ့ ရက် ၂ဝ အရွယ်ကလေးကတော့ မိုးကုတ်ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေပါတယ်။ အခုတော့ ကျန်းမာနေပါပြီ။ အားလုံးကလည်း သူတို့လေးတွေကို ဂရုစိုက်ကြပါတယ်” ဟု၊ မြတ်စေတနာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းဦးက ပြောသည်။

အဆိုပါ အသက် ၁၂ နှစ်အရွယ် မနန်းလှလှထွေးတွင် အသက် ၁၄ နှစ်အရွယ် အစ်ကိုတစ်ဦးရှိပြီး ရန်ကုန်မြို့တွင် ကိုရင်ဝတ်နေကြောင်း၊ မနန်းလှလှထွေးတွင် စုစုပေါင်း  မွေးချင်းမောင်နှမ ၅ ဦးရှိကြောင်းသိရသည်။

လက်ရှိတွင် ထွက်ပြေးလာသူ ကလေး ၄ ယောက်အနက် ရက် ၂၀ အရွယ် မိန်းကလေး တစ်ဦးနှင့် မနန်းလှလှထွေးတို့သာ ကျန်ရှိသည်။

ကျန်ရှိသည့်ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးများ ရေရှည်ကူညီနိုင်ရန်အတွက် မိုးကုတ် မြတ်စေတနာ လူမှုကူညီရေးအသင်း၊ မိုးမိတ်ရွှေပါရမီပရဟိတအသင်း၊ (တအာင်း)ပလောင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ကလေးငယ်များ၏ အဒေါ်တော်စပ်သူများဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန်စီစဉ်နေကြောင်း ဦးဝင်းဦးက ပြောသည်။

“ ဒီကလေးမလေးတွေအတွက် စေတနာနဲ့ လှူဒါန်းကြတဲ့ ငွေကြေးတွေကို ရေရှည်သုံးစွဲလို့ရအောင်၊ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ရေရှည်သုံးစွဲလို့ရအောင် အလေအလွှင့်မရှိအောင်ဆိုပြီးတော့ အခုလို ကူညီပေးတဲ့အဖွဲ့အစည်းတွေနဲ့ပဲ ကော်မတီလေးဖွဲ့ဖို့လုပ်နေတာပေါ့။ မဟုတ်ရင် ဒီငွေတွေက စနစ်တကျထိန်းသိမ်း ပေမယ့်သူမရှိရင် အလေအလွင့်ဖြစ်သွားမှာ စိုးရိမ်ရတယ် ”ဟု ၄င်းကဆိုသည်။

အဆိုပါ မူးယစ်ဆေးစွဲနေသော မိဘများထံက ထွက်ပြေးလာသော ကလေးများမှာ (တအာင်း)ပလောင်လူမျိုး ဖြစ်ပြီး ကျောက်လုံးကြီးကျေးရွာမှ ကလေးငယ်သုံးဦးကို ခေါ်ယူထွက်ပြေးခဲ့သည့် အသက် ၁၂ နှစ်အရွယ် မနန်းလှလှထွေးမှာ  စာသင်ကြားခဲ့ခြင်းမရှိဘဲ  မူးယစ်ဆေးစွဲနေသည့် မိဘများကို လယ်ယာလုပ်ငန်းလုပ်ကိုင်ကာ ပြန်လည်လုပ်ကျွေးနေသူဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required