တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် H1N1 လူနာ ၄၁ ဦး အထိ ရှိလာ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် H1N1 လူနာ ၄၁ ဦး အထိ ရှိလာ
H1N1 ကူးစက်မြန်ဗိုင်းရပ်စ် ရောဂါ မကူးစက်စေရန် Mask များ တပ်ဆင်နေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ဇူလိုင် ၂၉ ။         ။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ ယနေ့ ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိသော ရောဂါဖြစ်ပွားမှုအချက်အလက်များအရ ရာသီတုပ် ကွေးရောဂါ Seasonal Influenza A(H1N1) pdm 09 Positive လူနာစုစုပေါင်း(၄၁)ဦး ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ယမန်နေ့က ၃၅ ဦး ဟု ထုတ်ပြန်ခဲ့ပြီး အတည်ပြုလူနာ ၆ ဦး တိုးလာခြင်း ဖြစ်ကာ ယနေ့ သေဆုံးသူ ရ ဦးအထိ ရှိလာပြီ ဖြစ်သည်။

သံသယရာသီတုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ (၁၃၈) ဦးရှိခဲ့ပြီး ဇူလိုင်၂၇ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပ မြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ)သို့ လွှဲပြောင်း ကုသမှုပေးခဲ့သော လူနာ(၁)ဦး သည် ဇူလိုင် ၂၈ ရက်တွင် သေဆုံးခဲ့သည်ဟု သေဆုံးပြီး ၁ ရက်အကြာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသည် အဖြေတိကျမှန်ကန်စေရန် (External Quality Assurance) အတွက် ဟောင်ကောင်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု တုပ်ကွေးရောဂါဆိုင်ရာ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ ဓါတ်ခွဲခန်းနှင့် ကာကွယ်ဆေးထုတ်သည့်အခါ ပိုးအမျိုးအစား၏ ဇီဝဖွဲ့စည်းပုံအသေးစိတ်ကို သိရှိနိုင်ရန် ဂျပန်နိုင်ငံရှိ National Institute of Infectious Diseases - WHO collaborating centre သို့ ပိုးနမူနာများပေးပို့ ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။

ထို့ပြင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ လူနာများကို ရောဂါပျံ့နှံ့မှု လျင်မြန်စွာထိန်းချုပ်နိုင်ရန်အတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကု ဆေးရုံ(ဝေဘာဂီ)သို့ ဦးစားပေးပို့ဆောင် ကုသသွားမည်ဖြစ်ပြီး အဆိုပါဆေးရုံ၌ ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုဆရာမနှင့် ဆရာမကြီး များ၊ အလိုအလျောက် အသက်ရှူစက်များ၊   ဆေးနှင့်ဆေးပစ္စည်းများ၊ အထူးကြပ်မတ် ကုသဆောင်၌ လိုအပ်သောပစ္စည်းကိရိယာများ အလုံအလောက် ဖြည့်ဆည်းထားရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ စတင်သတင်းထုတ်ပြန်သည့် ဇူလိုင်လ ၂၄ ရက်မှ ၂၉ ရက်အထိ H1N1 တွေ့ရှိသူ ၁၂ ဦး၊၂၀ ဦး၊ ၃၀ဦး ၊ ၃၅ ဦး၊ ၄၁ ဦးအထိ ရှိနေကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required