ရှုံးထွက်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်မည်ဟု အာမ မခံနိုင်ကြောင်း ရတနာပုံ နည်းပြပြော

ရှုံးထွက်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်မည်ဟု အာမ မခံနိုင်ကြောင်း ရတနာပုံ နည်းပြပြော
ရတနာပုံအသင်း နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သည့် နည်းပြ ဦးကြည်နိုင်။  (ဓာတ်ပုံ - သောကြာ)

သြဂုတ် ၈၊ ရန်ကုန်။     ။ ရတနာပုံအသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ထားနိုင်သော်လည်း ရှုံးထွက်ပြိုင်ပွဲတွင် သေချာပေါက် ချန်ပီယံဖြစ် မည်ဟု မပြောနိုင်သေးကြောင်း ရတနာပုံအသင်း နည်းပြအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် နည်းပြ ဦးကြည်နိုင်မှ ပြောခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ရတနာပုံအသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံ ဆု ကာကွယ်ရန် ခက်ခဲသွားပြီး ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ပိုမိုအာရုံစိုက်နေခြင်းဖြစ်သည်။ ရတနာပုံ အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဆီမီးတွင် မြန်မာနေရှင်နယ်လိဂ် ထိပ်သီးကလပ် မကွေး အသင်းနှင့် တွေ့ဆုံနေသည်။   '

ချန်ပီယံဖြစ်ဖို့က ၅၀၊ ၅၀ ပါပဲ ။ ကျွန်တော် ခန့်မှန်းတာကို ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ ဆီမီးဖိုင်နယ်မှာ တွေ့ရမယ့်အသင်းက မကွေးအသင်းဖြစ်နေတယ်။ ၅၀၊ ၅၀ ပဲ ပြောလို့ရတယ်။ သေချာပေါက် ချန်ပီယံ ဖြစ်မယ်လို့ ပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ'ဟု နည်းပြ ဦးကြည်နိုင်က ပြောသည်။

ရတနာပုံအသင်းသည် ၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၃ ပွဲကစားပြီးတွင် ရမှတ် ၂၆ မှတ်ဖြင့် အဆင့် ၄ တွင် ရပ်တည်နေပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် အမှတ် ၁၁ မှတ်ထိ ကွာဟနေသည်။ ထို့ကြောင့် ရတနာပုံအသင်းသည် လက်ရှိအမှတ်ပေးချန်ပီယံဆု ကာကွယ်နိုင်ရန် ခက်ခဲသော အနေအထား တွင် ရှိနေပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ရယူနိုင်ရန် အခွင့်အရေး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required