နိုင်ငံတောင်ပိုင်း၌ စစ်သွေးကြွနှိမ်နင်းရေးစစ်ပွဲ ဆင်နွှဲနေသည့် ဖိလစ်ပိုင်စစ်သည်များထံသို့ လက်ဝှေ့ကျော် ပက်ကီယောင်း သွားရောက်အားပေး

နိုင်ငံတောင်ပိုင်း၌ စစ်သွေးကြွနှိမ်နင်းရေးစစ်ပွဲ ဆင်နွှဲနေသည့် ဖိလစ်ပိုင်စစ်သည်များထံသို့ လက်ဝှေ့ကျော် ပက်ကီယောင်း သွားရောက်အားပေး

ဇူလိုင် ၂၉ ။                  ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အစ္စလမ္မစ် စစ်သွေးကြွတွေနဲ့  တိုက်ပွဲဆင်နွှဲနေရလျက်ရှိတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေဆီကို လက်ဝှေ့အကျော်အမော် မန်နီ ပက်ကီယောင်း ဇူလိုင်လ ၂၉ ရက်က သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ယင်းဒေသမှာ အိုင်အက်စ်လိုလားတဲ့ စစ်သွေးကြွတွေနဲ့ နှစ်လကြာ တိုက်ခိုက်နေရတဲ့ ဖိလစ်ပိုင်စစ်သည်တွေ စိတ်ဓာတ်ခွန်အားတက်ကြွစေနိုင်ဖို့အတွက် ကမ္ဘာကျော် လက်ဝှေ့သမား ပက်ကီယောင်းက ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံအားပေးခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံရာမှာတော့ စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ ပက် က သူလည်း တိုက်ပွဲတွေမှာ ၀င်တိုက်ပေးမယ်ဆိုပြီး အရွှန်းဖောက်ခဲ့သေးတယ်လို့ သိရပါတယ်။

" တကယ်တမ်းကျတော့ ခင်ဗျားတို့ကမှ တကယ့် သူရဲကောင်းစစ်စစ်တွေပါဗျာ၊ မန်နီ ပက်ကီယောင်းဆိုတဲ့ ကျွန်တော်က တကယ့်သူရဲကောင်း မဟုတ်ပါဘူး၊ ကျွန်တော်က လက်ဝှေ့ပဲထိုးတာ၊ ခင်ဗျားတို့က ကျွန်တော်တို့နိုင်ငံအတွက် ခင်ဗျားတို့အသက်ကို ပေးလှူပြီး တိုက်ပွဲဝင်နေသူတွေပါ" လို့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကီယောင်းက မာရာဝီမြို့က စစ်စခန်းတစ်ခုမှ စစ်သည်တွေကို တွေ့ဆုံပြောကြားသွားခဲ့ပါတယ်။

" ကျွန်တော် နောက်တစ်ခေါက် ဒီကို ပြန်လာတဲ့အခါကျရင်တော့ တိုက်ပွဲတွေပြီးသွားမယ်လို့ မျှော်လင့်ပါတယ်ဗျာ၊ တကယ်လို့ နောက်တစ်ခေါက်ပြန်လာလို့မှ တိုက်ပွဲတွေဆက်ရှိနေသေးတယ်ဆိုရင်တော့ ကျွန်တော်လည်း ၀င်တိုက်မယ်ဗျာ" လို့ ၎င်းက ပြောသွားပါတယ်။

ဖိလစ်ပိုင် တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ ဖြစ်ပွားနေခဲ့တဲ့ တိုက်ပွဲတွေကြောင့် ယခုထက်ထိ လူပေါင်း ၆၃၀ သေဆုံးခဲ့ပြီး စစ်သွေးကြွ ၄၇၁ ဦး၊ အရပ်သား ၄၅ ဦးနဲ့ စစ်သည် ၁၁၄ ဦးတို့ ဖြစ်ကြတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required