ရန်ကုန်တွင် သေဆုံးခဲ့သည့် ကြက်အချို့H5N1 ရှိ၊ မရှိ ဓါတ်ခွဲစစ်ဆေးပြီးမှ အတည်ပြုနိုင်မည်

ရန်ကုန်တွင် သေဆုံးခဲ့သည့် ကြက်အချို့H5N1 ရှိ၊ မရှိ ဓါတ်ခွဲစစ်ဆေးပြီးမှ အတည်ပြုနိုင်မည်
ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ရန်ကုန်၊ ဇူလိုင် ၂၉ ။        ။ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အိမ်တစ်အိမ်တွင် သေဆုံးခဲ့သည့်ကြက်အချို့ ကြက်ငှက်တုပ်ကွေး (H1N1) ဖြစ်၊ မဖြစ်ကို နေပြည်တော်တွင်ရှိ သည့် ဓာတ်ခွဲဌာနမှ စစ်ဆေးပြီးမှသာ အတည်ပြုပြောနိုင်မည်ဟု ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ H5N1 သံသယရှိသည့် ကြက်အချို့၏ ဓာတ်ခွဲနမူနာများကို နေပြည်တော်သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ၄င်းက ပြောသည်။

“ အဲ့ဒီသေသွားတဲ့ ကြက်သုံးကောင်ကလည်း အိမ်မှာမွေးတဲ့ ကြက်တွေပါ။ အဲ့ဒီက ဓါတ်ခွဲနမူနာကို နေပြည်တော်မှာရှိတဲ့ တိရိစ္ဆာန်အထူးကုဓာတ်ခွဲကို ကျွန်တော်တို့ပို့ထားပါတယ်။ အင်းစိန်က ဓာတ်ခွဲခန်းကလည်း H5N1 ကို အတည်ပြုနိုင်တဲ့ အခြေအနေ မရှိပါဘူးခင်ဗျ။ Facebook မှာပါတဲ့ အချက် အလက်တွေက လုံးဝကိုမှားနေတယ် ဆိုတာ ကျွန်တော်ပြောချင်တယ်။ နေပြည်တော်ကို ပို့ထားပါတယ်။ အဲ့တော့မှ H5N1 ဟုတ်မဟုတ်ဆိုတာ အတည်ပြုလို့ ရပါမယ်။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကတော့ အနီးအနားကအိမ်တွေကို ဆေးဖျန်းတာတို့ ကြက်သေခဲ့တဲ့နေရာတွေကို ဆေးဖျန်းတာတို့ကတော့ လုပ်နေပါတယ် ”ဟု ဒေါက်တာသာထွန်းကျော်က ပြောဆိုသည်။  

ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်၊ ဇာတိမာန်လမ်း ရှိအိမ်တစ်အိမ်မှ ကြက် ၃ ကောင်သေဆုံးခဲ့ပြီး တစ်ကောင်ကို မြှုပ်နှံလိုက်ကြောင်း မရမ်းကုန်းရဲစခန်း မှသိရသည်။

ကျန်ရှိသည့် ကြက်နှစ်ကောင်ကို အင်းစိန်တိရိစ္ဆာန်ကုသရေးဌာန မှ စစ်ဆေး တွေ့ရှိခဲ့ပြီး H5N1 ရှိကြောင်း ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီခန့်တွင် ပြန်ကြားခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် H5N1 ဖြစ်မဖြစ်ကို သေချာစေရန် နေပြည်တော်သို့ပို့ဆောင် စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါ H5N1 တွေ့့ရှိခဲ့သည့် ကြက်ခြံကို ဆေးဖျန်းခြင်းနှင့် ထုံးဖြူးခြင်းကဲ့သို့ ကာကွယ်ရေး လုပ်ဆောင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly