ဂျပန်တက္ကသိုလ်များ ချန်ပီယံအသင်းနှင့်ခြေစမ်းပွဲအပြီးတွင် ယူ-၂၂အသင်း အပြီးသတ် လူစာရင်းဖြတ်မည်

ဂျပန်တက္ကသိုလ်များ ချန်ပီယံအသင်းနှင့်ခြေစမ်းပွဲအပြီးတွင် ယူ-၂၂အသင်း အပြီးသတ် လူစာရင်းဖြတ်မည်

ဇူလိုင် ၂၉၊ ရန်ကုန်။          ။ ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂အသင်းအပြီးသတ် လူစာရင်းကို ဂျပန်တက္ကသိုလ်များချန်ပီယံ ရပ်စုကန်ဇိုင်းအသင်းနှင့်ခြေစမ်းပွဲများအပြီးတွင် ထုတ်ပြန်မည်ဟု နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ပြောသည်။

မြန်မာယူ-၂၂အသင်းကို လက်ရှိအချိန်တွင် အာရှခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကစားသမားစာရင်းဖြင့် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေပြီး ဂျပန်တက္ကသိုလ်များချန်ပီယံ ရပ်စုကန်ဇိုင်းအသင်းနှင့်ခြေစမ်းပွဲမှာ ဆီးဂိမ်းပြင်ဆင်မှု နောက်ဆုံးခြေစမ်းပွဲဖြစ်သည်။

“အသင်းကိုအာရှခြေစစ်ပွဲအပြီးမှာ နှစ်ရက်အနားပေးပြီး လေ့ကျင့်မှုတွေ ဆက်လုပ်နေပါတယ်။ အပြီးသတ်လူစာရင်းအတွက် ဒဏ်ရာရကစားသမားတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ကစားသမားတွေ အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဆီးဂိမ်းအတွက် အကောင်းဆုံး ဖြစ်မယ့်လူစာရင်းကို ရွေးချယ်မှာပါ။”ဟု ဂတ်ဇီဆီက ပြောသည်။

မြန်မာယူ-၂၂အသင်းနှင့် ရပ်စုကန်ဇိုင်းအသင်းတို့ ခြေစမ်းပွဲကို ဇူလိုင် ၃၀ ရက်နှင့် သြဂုတ်လ ၂ရက်တွင် ရန်ကုန်မြို့၊သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲနှစ်ပွဲအတွက် ကွင်းဝင်ကြေးကို အထူးတန်း ၃၀၀၀ကျပ်၊ ရိုးရိုးတန်း ၁၀၀၀ကျပ် သတ်မှတ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required