ပုသိမ်မြို့တွင် H1N1 Positive တွေ့ရှိလူနာများ သက်သာလာပြီ

ပုသိမ်မြို့တွင် H1N1 Positive တွေ့ရှိလူနာများ သက်သာလာပြီ

ပုသိမ်၊ ဇူလိုင် ၂၉ ။         ။ ပုသိမ်မြို့တွင် H1N1 Positive တွေရှိသည့် လူနာများ ကိုယ်ပူကျပြီး သက်သာလာပြီးဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ပြောသည်။

"ပုသိမ်မြို့မှာ ဟိုရက်ကတွေ့တဲ့ H1N1 Positive ထွက်ပြီး ရန်ကုန်ပို့စစ်ထားတဲ့ အဖြေ ပြန်ရမလာသေးဘူး၊ သူတို့ အဆက်မပြတ်စောင့်ကြည့်ကုသပေးတယ်။ အခု ကိုယ်အပူလည်းကျပြီ၊ သက်လာပြီ၊ကျန်းမာရေး ပညာရေးထွေအုပ်တို့ ပူးပေါင်းပြီး အသိပညာပေးများ လူထုများ သိရှိအောင်ဆောင်ရွက်နေပါတယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပုသိမ်မြို့နယ်၊လက်ရှိ H1N1 Positive ဖြစ်သူ ၄ ဦးအား စစ်ဆေးတွေ့ရှိ ရပြီး ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးထားဆဲ ဖြစ်သော်လည်း ယခု ကိုယ်ပူကျကာ သက်သာလာခြင်း ဖြစ်သည်။

"ပုသိမ်မြို့နယ်မှာ တွေ့ရှိတဲ့ ဖျားနေတဲ့သူတွေကို စစ်ဆေးတော့ Positive အနေနဲ့ တွေ့တာဖြစ်ပါတယ်။ ပထမဆုံး စဖြစ်တာ ရေကြည်မြို့နယ်ပါ ။ ဒုတိယအနေနဲ့ဆို ဖျာပုံမြို့နယ်၊တတိယအနေနဲ့ဆို ပုသိမ်မြို၊ညောင်တုန်းမြို့ တွေ့ရတဲ့ အနေအထားတွေရှိတယ်၊ပုသိမ်ဆေးရုံမှာ သေဆုံးတဲ့ ကိုယ်ဝန်ဆောင်သည် လည်ချောင်တို့ဖတ်ကို ရန်ကုန်ကို ပို့စစ်ထားပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။

ပုသိမ်ဆေးရုံတွင် သေဆုံးသည် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ပတ်သက်ပြီး ဆေးရုံအုပ်က"သူ့မှာ ဖျားတယ်၊ ချောင်းဆိုးတဲ့ ၁၀ရက်ဆိုတာ သံသယရှိလို့ ရန်ကုန် ပို့စစ်ထားတယ်။  လာတဲ့ အချိန်မှာ အဖျားမရှိဘူး။  Dead Body ကို လည်ချောင်းတို့ဖတ်ယူပြီးရန်ကုန် ပို့ထားတယ်။ အခုထိတော့ ရန်ကုန်က အဖြေပြန်မလာသေးဘူး”ဟု ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာစုစုလှိုင်က မဇ္ဈိမသို့ ဇူလိုင်၂၅ရက်နေ့တွင် ဆေးရုံတွင်သေဆုံးသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ပတ်သက်ပြီး ပြောသည်။

ဧရာဝတီတိုင်းမှ ရန်ကုန်ဆေးရုံကြီးသို့ အသုတ်၊ ဖျာပုံနှင့်ညောင်တုန်းက သွားရောက်ကုသသည့် လူနာငါးဦးတွင် ဖျာပုံမြို့နယ်တွင် တစ်ယောက် သေဆုံးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်များတွင် H1N1 အသိပညာပေးမှုများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လူမှုရေးအသင်းအဖွဲ့များ မှ Maskများ လက်ကမ်းစာစောင်များ ကာကွယ်ရေးနည်းလမ်းများ ရောဂါလက္ခဏာများ ပြည်သူများသိရှိအောင် ဆောင်ရွက်လျက်ရှိသည်။

“ဧရာဝတီတိုင်းဒေသကြီးမှာ H1N1 ဖြစ်ပွားနေတာရှိလို့ ကလေးတွေပညာသင်ကြားနေတဲ့ ဒီရောဂါ ပျံနှံကူးစက်မှု မဖြစ်ဖို့အတွက် ကျောင်းတွေမှာ ကျောင်းလာတက်မယ်။ ကလေးတွေထဲမှာ ဖျားနာတဲ့ ကလေးတွေရှိခဲ့ရင် ကျောင်းမတက်ခိုင်းဘဲ အိမ်ကိုပြန်ပြီး မိဘဆီ ပြန်ပို့ခိုင်းဖို့နဲ့ ဒီကလေးတွေအခြေအနေကို အနီးစပ်ဆုံးမှာရှိတဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ဆေးရုံရှိရင် ဆေးရုံကို ကလေးတွေ အမည်စာရင်းနှင့်တကွ သတင်းပို့ပေးဖို့ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့  ညွန်ကြားချက်ထုတ်ထားတယ်”ဟု ပညာရေးဌာနက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly