ထိုင်းဘုရင်မွေးနေ့အား နိုင်ငံတစ်လွှား ကုသိုလ်ကောင်းမှု အလှုအတန်းပြုမှုများဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပ

ထိုင်းဘုရင်မွေးနေ့အား နိုင်ငံတစ်လွှား ကုသိုလ်ကောင်းမှု အလှုအတန်းပြုမှုများဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပ

ဘန်ကောက်၊ ဇူလိုင် ၂၈ ။            ။ ဇူလိုင် ၂၈ ရက်တွင် ကျရောက်သော ထိုင်းဘုရင်မင်းမြတ် ဝါဇီရာလောင်ကွန်း၏ သက်တော် ၆၅ နှစ်ပြည့် မွေးနေ့အား နိုင်ငံတစ်လွှားတွင် ဘာသာရေး အခမ်းအနားများ၊ ကောင်းမှုကုသိုလ်ပြုခြင်းများ၊ အလှုအတန်း ပေးကမ်းလှုဒါန်းမှုများဖြင့် ဆင်ယင်ကျင်းပကြသည်။

ထိုင်းဘုရင်သစ် ဝါဇီရာလောင်ကွန်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ထီးနန်းဆက်ခံ စိုးစံခြင်း ဖြစ်သည်။

ဘန်ကောက်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အပါး ၆၅၀ အား ပင့်ဆောင်ကာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ဦးဆောင်လျက် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဘုရင်မင်းမြတ်တွင် ကောင်းကျိုး ခပ်သိမ်းငြိမ်းစေရန် ရည်စူးလျက် လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းကြသည်။

အလားတူ ဘာသာရေးလှုဒါန်းမှုများကို နိုင်ငံတွင်းက အစိုးရဌာနများ၊ ပြည်နယ်အုပ်ချုပ်ရေးရုံးများနှင့် ခရိုင်ရုံးများတွင်လည်း ကျင်းပကြသကဲ့သို့ ထိုင်းမြောက်ပိုင်းက ချင်းမိုင်ဆေးရုံတွင်   သွေးလှုဒါန်းပွဲတစ်ရပ်အ ကျင်းပသည်။

ယခု ဘုရင်မင်းမြတ်၏ မွေးနေ့မတိုင်မီရက်များကလည်း ထိုင်းပြည်သူများက ငါးလွှတ်ခြင်း၊ လိပ်လွှတ်ခြင်း စသဖြင့် ကုသိုလ်ကောင်းမှုများ ပြုကြသည်။
 
၂၀၁၄ ခုနှစ်အတွင်းက အာဏာသိမ်းယူခဲ့သည့် စစ်တပ်ဦးဆောင်သော ထိုင်းအစိုးရသည် အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ထားသည့် ဘုရင်မင်းမြတ် မွေးနေ့အခါသမယတွင် ပြည်သူများအနေဖြင့် အိမ်တွင် နိုင်ငံတော်အလံအား လွှင့်တင်ထားကြရန် နှိုးဆော်ထားသည်။

ပြည်ပတွင် အနေများသော ဘုရင် ဝါဇီရာလောင်ကွန်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ခမည်းတော် ဘုရင်ကြီး ဘူမိဘော နတ်ရွာစံပြီးနောက် ဒီဇင်ဘာ ၁ ရက်တွင် ထီးနန်းစံဘုရင်အဖြစ် ဘိသက်ခံယူ စိုးစံခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly