ရဲအချုပ်အတွင်း လူ ၁ ဦး သေဆုံးမှုအပေါ် သေဆုံးသူ၏ ဇနီးက တိုင်းဝန်ကြီးချုပ်ထံ တိုင်တန်း

ရဲအချုပ်အတွင်း လူ ၁ ဦး သေဆုံးမှုအပေါ် သေဆုံးသူ၏ ဇနီးက တိုင်းဝန်ကြီးချုပ်ထံ တိုင်တန်း

မကွေး၊ ဇူလိုင် ၂၈ ။       ။ ပျောက်ဆုံးနေသည့် ဆိုင်ကယ်နှင့်အတူ တွေ့ရှိရ၍ မသင်္ကာသဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့မရဲစခန်းတွင် စစ်ဆေးရန် ဖမ်းဆီးထားခံရသူတစ်ဦး ဇူလိုင်(၂၆)ရက်နေ့က ရဲအချုပ်ခန်းအတွင်း၌ သေဆုံး သွားသည့် ဖြစ်စဉ်အပေါ် သေဆုံးသူ၏ ဇနီးက ယနေ့ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းတွင် အဖြစ်မှန်ဖော်ထုတ် ပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြတိုင်တန်းထားကြောင်း သိရသည်။

“မှုခင်းဆရာဝန်ကြီးဆီက ဆေးစာကို ဒီနေ့မနက်ရမယ်ဆိုလို့ စောင့်နေပေမယ့် တနင်္လာနေ့မှ ရမယ် ဆိုတာကြောင့် အလောင်းက ဒီအတိုင်းထားဖို့ မဖြစ်လို့ ပြန်သယ်သွားပါတော့မယ်၊ ဒီနေ့မနက် မောင်လေးရဲ့ ဇနီးက ဝန်ကြီးချုပ်ဆီ လိပ်မူတင်ပြထားတဲ့စာကို ဝန်ကြီးဦးဇော်မင်းဆီမှာ ပေးအပ်ခဲ့ပါတယ်”ဟု သေဆုံးသူ၏ အစ်မတော်စပ်သူ ဒေါ်သင်းသင်းခိုင်က ပြောသည်။

သေဆုံးသူ ကိုသန်းထိုက်အောင်မှာ (ပ)၁၃၅၇/၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၉ဖြင့် တိုင်ချက်ရေးဖွင့် ထားသော မကွေးတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ဇူလိုင်(၂၄)ရက်နေ့က ပျောက်ဆုံးသွားသည့် ဆိုင်ကယ် နှင့်အတူ ဇူလိုင်(၂၅)ရက် နေ့တွင် တွေ့ရှိရ၍ စစ်ဆေးနိုင်ရန်အတွက် မကွေးမြို့မ ရဲစခန်းသို့ ခေါ်ဆောင်ကာ အချုပ်ခန်းနံပါတ်(၉)တွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

“သူ့ကို ဟိုက်ကလပ်လဘက်ရည်ဆိုင်မှာ ခိုးယူခံရတယ်လို့ ယူဆရတဲ့ ဆိုင်ကယ်နဲ့အတူ တွေ့ရှိရလို့ တိုင်ချက်ရေးဖွင့်ထားတဲ့ ဆိုင်ကယ်ရဲ့ အမှတ်အသားများနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ တူညီမှုရှိနေတာ ကြောင့် ဆိုင်ကယ်ကို သက်တွေရဲ့ရှေ့မှောက်မှာ ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ပါတယ်။ ကိုသန်းထိုက်အောင်ကို ရီမန်ယူစစ် ဆေးဖို့အတွက် စခန်းမှူးရဲ့ ခွင့်ပြုချက်နဲ့ ည ၉ နာရီခွဲအချိန်မှာ ဖမ်းဆီးပြီး အခန်းနံပါတ်၉ မှာ မှာ ထားရှိခဲ့တာ ပါ”ဟု အမှုစစ်တာဝန်ရယူထားသူ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မိုးက ပြောသည်။

ကိုသန်းထိုက်အောင်မှာ ပန်းထိမ်လုပ်ငန်းဖြင့် အောင်လံမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ဆေးတက္က သိုလ်(မကွေး)တွင် မြန်မာစာနည်းပြဆရာမဖြစ်သူ ဇနီးသည်ရှိရာသို့ လိုက်ပါနေထိုင်ကာ ဆိုင်ကယ်ဝယ် ရောင်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု သိရသည်။

“ကျွန်မ အမျိုးသားရဲ့ အဓိက အလုပ်အကိုင်က ပန်းထိမ်လုပ်ငန်းပါ။ အောင်လံကနေ ကျွန်မရှိရာဆီကို လိုက်လာနေရတော့ ပန်းထိမ်လုပ်ငန်းက အပ်ထည်ရှိမှပဲ လုပ်ရတော့လို့ အားနေတဲ့အချိန်မှာ ဆိုင်ကယ်ဝယ် ရောင်းလေးလုပ်ပါတယ်။ အခုလည်း ခိုးရာပါဆိုင်ကယ်ကို ရောင်းမှားဝယ်မှား ဖြစ်သွားခဲ့တာမှာ ဖမ်းဆီးခံရ ပြီး ခုလိုသေတဲ့အထိ ဖြစ်ရတာပါ”ဟု သေဆုံးသူ၏ ဇနီး ဒေါ်ကြူကြူခိုင်က ပြောသည်။

ဇူလိုင်(၂၅)ရက် ညပိုင်းတွင် အခန်း(၉)ထဲ၌ တစ်ဦးတည်း ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ ကိုသန်းထိုက်အောင်မှာ နောက်တစ်နေ့မနက် တပ်ဖွဲ့ဝင်များ တန်းစီသည့်(၇)နာရီ (၁၅)မိနစ်အချိန်ခန့်၌ ၎င်းဝတ်ဆင်ထားသော ပုဆိုးကွင်းကို အိမ်သာအနီး မျက်နှာကြက်သံဇကာ၌ ချိတ်ဆွဲ၍ ကြိုးဆွဲချ သေဆုံးသွားခြင်းဖြစ်သည်ဟု မကွေးမြို့မရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့ သူ့ကိုစစ်ဆေးခြင်း မလုပ်ရသေးပါဘူး။ နောက်တစ်နေ့မှ ရမန်ယူပြီး စစ်ဆေးဖို့ စီစဉ်ထားတာပါ။သူ ဆိုင်ကယ်ပြင်လေ့ပြင်ထရှိတဲ့ ဝပ်ရှော့ဆရာကိုတော့ အဲဒီညမှာပဲ   ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ တကယ်တမ်းသာ သူ့ဘက်ကမှန်ခဲ့ရင် သူရင်ဆိုင်ဖြေရှင်းလို့ရတာပဲ။ အမှုဖွင့်ထားသူက ကျေအေးပေးမယ်လို့ သိထားတဲ့အတွက် တရားရုံးရောက်ရင် ပြီးသွားနိုင်တာပဲ။ ဒီလိုကြီး လုပ်မသွားသင့်ဘူး။ တစ်ယောက်ထဲခွဲ ချုပ်ရတဲ့ရည်ရွယ်ချက်က ဆိုင်ကယ်ပျောက်မှုတွေက များနေလို့ သေချာစစ်ဆေးရမှာဖြစ်တာကြောင့် တခြားသူတွေနဲ့ ရောထားရင် မင်း ဒီလိုမထွက်နဲ့ ဒီလိုထွက် ဆိုပြီး သင်ပေးကြမှာစိုးလို့ လွတ်နေတဲ့ အခန်း ၉ မှာ တစ်ယောက်တည်း ချုပ်ထားတာပါ” ဟု မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းကျော်ကပြောသည်။

ကိုသန်းထိုက်အောင် သေဆုံးရခြင်းနှင့် ပတ်သက်၍ အဆိုပါစခန်းမှ ရဲအုပ်နှစ်ဦးက ရေချိုးခန်းအတွင်း တက်၍ သတိလစ်လဲကျ သေဆုံးခြင်းဖြစ်သည်ဟု လည်းကောင်း၊ စခန်းမှူးက မိမိကိုယ်မိမိပုဆိုးဖြင့် ကြိုးဆွဲ ချသေဆုံးခြင်းဖြစ်သည်ဟု ကွဲလွဲစွာပြောဆိုနေကြ၍ ထိုနေ့ နံနက် (၇)နာရီ(၁၅)မိနစ် အချိန်ခန့်တွင် နံနက်စာလာပို့သည့် သေဆုံးသူ၏ အစ်မတော်စပ်သူ ဒေါ်သင်းသင်းခိုင် အချုပ်ခန်းရှေ့၌ ရှိနေစဉ် အချုပ် ခန်းအတွင်းမှ အားဟု အော်သစ်သံကြားလိုက်ရသည်ဟု သိရသည်။

ထို့နောက် အချုပ်ခန်းအတွင်း၌ တစ်စုံတရာ ဖြစ်ပွားသည်ကိုသာ သိရှိရပြီး ဆေးရုံသို့ပို့ဆောင်ရန် ဒေါ်သင်းသင်းခိုင်က သုံးဘီးပင်ငှားပေးလိုက်ရသော်လည်း ၎င်း၏ မောင်ဖြစ်နေသည်ကို အသိပေးမှုမရှိ၍ မသိရှိရခြင်းတို့ကြောင့် ကိုသန်းထိုက်အောင်သေဆုံးရခြင်းမှာ သံသယဖြစ်ဖွယ်ရှိနေသဖြင့် ဇနီးနှင့်တကွ ဆွေမျိုးသားချင်းများက အဖြစ်မှန် ဖော်ထုတ်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြတိုင်တန်းထားကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required