အစိုးရနှင့် ချုပ်ဆိုခဲ့သော နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာသွားရန် SSPP ဆုံးဖြတ်

အစိုးရနှင့် ချုပ်ဆိုခဲ့သော နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာသွားရန် SSPP ဆုံးဖြတ်

ချင်းမိုင်၊ဇူလိုင်လ ၂၇ ။           ။ SSPP/SSA က နိုင်ငံတော် အစိုးရနှင့် ချုပ်ဆိုခဲ့မှုအပေါ် အခြေခံ၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဆက်လက် အဖြေရှာသွားရန် ဇူလိုင်လ ၉ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော ဗဟိုကော်မတီ ၆ လပတ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ထိုအစည်းအဝေးတွင် သက်ဆိုင်ရာဌာနအသီးသီးမှ ဆောင်ရွက်ခဲ့သော လုပ်ငန်းတာဝန်များ၏ အားနည်းချက်၊ အားသာ ချက်များကို ဆွေးနွေး၍ ပြုပြင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကာ အချက် ၄ ချက်ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က SSPP သည် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဦးသိန်းစိန် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကို အခြေခံ၍ နိုင်ငံရေး   ပြဿနာကို   နိုင်ငံရေးနည်းဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက် အဖြေရှာသွားရန် ထပ်မံ အတည်ပြုခဲ့ကြောင်း ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

“တပ်မတော် အပါအဝင် လက်ရှိ အစိုးရ လုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမို အောင်မြင် ဖြစ်ထွန်းလာစေရေးအတွက် တပ်မတော်၊ အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကို ဦးတည်ပြီး ဘဝတူ ညီနောင် အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ နည်းနာများ ရှာဖွေကာ အရှိန်အဟုန်မြင့် ဆက်လက် လုပ်ဆောင်သွားမည်”ဟု ထုတ်ပြန်ချက်တွင် ရေးထားထားသည်။

ထို့ပြင် တိုင်းရင်းသား ညီအစ်ကိုများ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် စည်းလုံး ညီညွတ်မှု ပိိုမိုခိုင်မာစေရေးအတွက် အလေးထားဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းကို အရှိန်မြင့် ဆက်လက် လုပ်ဆောင်သွားရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ လုပ်ငန်းများကို SSPP ၏ မူလချမှတ်ထားသည့်မူအတိုင်း ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

SSPP ဗဟိုဌာနချုပ်တွင် ကျင်းပသောအစည်းအဝေးမှာ SSPP မှ ဥက္ကဌ စပ်ပန်ဖ၊ နိုင်ငံရေးဦးဆောင်မှုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စပ်ဆေထင်နှင့် ဗဟိုကော်မတီဝင်၊ အရံဗဟိုကော်မတီဝင်များ၊   လေ့လာသူများဖြစ်သော တပ်မှူးကြီးများ၊ ဌာနကြီးမှူးများ အပါအဝင် စုစုပေါင်း ၂၂၉ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

လက်ရှိ SSPP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မထိုးသေးသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တွင် ပါဝင်၍ အစိုးရနှင့် ဆက်လက် ဆွေးနွေးမှုတွင် ပါဝင်နေသလို၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ရ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC)တွင်လည်း ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးမှု ဆက်သွားရန် ကြိုးပမ်းနေသော အဖွဲ့ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required