H1N1 ကိစ္စ ပြည်သူ့လွှတ်တော်တွင် အရေးကြီး အဆိုတင်

H1N1 ကိစ္စ ပြည်သူ့လွှတ်တော်တွင် အရေးကြီး အဆိုတင်

နေပြည်တော်၊ ဇူလိုင် ၂၈ ။               ။ ကူးစက်မြန်ရာသီတုပ်ကွေး H1N1 နှင့် ပတ်သက်၍ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရန် အရေးကြီးအဆိုကို ဇူလိုင်လ ၂၈ရက် ပြည်သူ့လွှတ်တော်၌ ကြံ့ခိုင်ရေးပါတီမှ   ကျောင်းကုန်းမြို့နယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းခဲ့သည်။

ရာသီတုပ်ကွေးရောဂါ H1N1 နှင့်ပတ်သတ်ပြီး ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် အသေအပျောက်နည်းပါးရေးအတွက် လူနေထူထပ်သော နေရာများ၊ ကျောင်း၊ စျေး၊ စက်ရုံ၊ အလုပ်ရုံ၊ ဘူတာများ၊ ဘတ်စ်ကားဂိတ်၊ သဘောင်္ဆိပ်၊ လေဆပ်များတွင် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ မျက်နှာဖုံး(Mask) များကို ဝေငှပေးခြင်းများကို ဆောင်ရွက်ပေးသင့်သည်ဟု အရေးကြီးအဆိုတင်ခဲ့ခြင်း   ဖြစ်သည်။ 

ယင်းအပြင် အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ဇူလိုင် ၁၇ရက်ထိ H1N1 ဖြစ်ပွားသူ ၁၂,၄၆၀ဦးရှိပြီး ၆၀၀ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင်းကလည်း ၁၇၈၆ ဦးဖြစ်ပွားခဲ့ကာ ၂၆၅ ဦးသေဆုံးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံတွင်းသို့ ကူးစက်မှုမရှိစေရန် သင်္ဘောဆိပ်၊ လေဆိပ်များတွင် စစ်ဆေးမှုများ အထူးပြုလုပ်ရန်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက တိုက်တွန်းလိုက်သည်။ 

မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၇ရက်ထိ H1N1 ပိုးတွေ့ရှိသူ ၃၀ဦးရှိပြီး ၆ဦးမှာ သေဆုံးခဲ့သည်။ ယင်းကိန်းဂဏန်းမှာ ရာခိုင်နှုန်းအားဖြင့် တွက်လျင် ရောဂါပိုးတွေ့သူ၏ ၂၀ရာခိုင်နှုန်းမှာ သေဆုံးခဲ့ခြင်းဖြစ်၍ ယင်း ရာခိုင်နှုန်းထက်ပိုလျှင် ကပ်ဆိုးရောဂါတစ်ခုအဖြစ် ဖြစ်လာနိုင်သည်ဟုလည်း ဦးသိန်းထွန်းက သတိပေးလိုက်သည်။ 

“ပွင့့်ပွင့်လင်းလင်းပြောရရင် အားမရပါဘူး။ ပြည်သူတွေ အကုန်မသိဘူး H1N1 သွားမေးကြည့်သိမှာ မဟုတ်ဘူး တုပ်ကွေးပဲသိတာ မြန်မာတွေရင်းနှီးနေတာ တုပ်ကွေးပဲ၊ တုပ်ကွေး သည် သုံးရက်လောက်နေပြီးပြီ တော်ရုံတန်ရုံ ဗမာဆေးလေးဘာလေး သောက်လိုက်လို့ရှိရင် သုံးရက်လောက်နေရင် ပြန်ကောင်းလာမယ်။ သို့သော် ဒီရဲ့ ကပ်ရောဂါ H1N1 2009 သည် အင်မတန်မှ ကပ်ရောဂါဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေက သာမန်ရောဂါ တုပ်ကွေးနဲ့သွားပြီးတော့ ဆင်တူဖြစ်ရုံ ဒီတိုင်းသွားမယ်ဆိုရင် လူမြောက်များစွာ သေဆုံးသွားနိုင်တဲ့ သဘောရှိတယ်” ဟု ဦးသိန်းထွန်းက လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများကို ပြောသည်။ 

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdf 2009) ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး အထူးဦးစားပေးကာ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်များကို ဆောင်ရွက်ထားပြီး၊ ပြည်သူလူထုအနေဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အင်တာနက်စာမျက်နှာနှင့် Myanmar CDC Facebook စာမျက်နှာများတွင် ထုတ်ပြန်ထားရှိ၍ တုပ်ကွေးဆန်သောရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေး ဌာနများတွင် ချက်ချင်းကုသမှု ခံယူရန်လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ တွင်ပါရှိပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly