တောင်သူသပိတ်စခန်းအား ရဲအင်အားသုံး၍ ဖျက်သိမ်းပြီး တောင်သူများအား ငြိမ်း၊စု၊စီ ဥပဒေဖြင့် အရေးယူ

တောင်သူသပိတ်စခန်းအား ရဲအင်အားသုံး၍ ဖျက်သိမ်းပြီး တောင်သူများအား ငြိမ်း၊စု၊စီ ဥပဒေဖြင့် အရေးယူ

မန္တလေး၊ဇူလိုင် ၂၈  ။                 ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၂၆လမ်း၊၂၄လမ်းနှင့်၂၅လမ်းကြားတွင် ဖွင့်လှစ်ထားသည့် လယ်သိမ်းခံတောင်သူများ၏ သပိတ်စခန်းကို ဇူလိုင်လ ၂၈ ရက်၊နံနက် ၂ နာရီက မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က အင်အားသုံးဖယ်ရှား လိုက်ကြောင်း သိရသည်။

အဆိုပါတောင်သူများသည် ဇူလိုင်လ ၆ ရက်နေ့ကစတင်၍ သပိတ်စခန်းဖွင့်လှစ်ခဲ့ရာ ယနေ့ နံနက် ၂ နာရီက တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အင်အားသုံးဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

ထိုသို့ဖယ်ရှားပြီး ဦးဆောင်သူဟုယူဆရသူများအပါအဝင် တောင်သူ ၁၂ ဦးကို ဖမ်းဆီးသွားခဲ့ပြီး  ယနေ့ နံနက် ၈ နာရီခန့် က တောင်သူ၁၀ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ဦးဆောင်သူဟု ယူဆသူ ၂ ဦးကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး နောက်ထပ်တောင်သူ ၁၁ ဦးကိုငြိမ်း၊ စု၊စီ  ဥပဒေဖြင့် အမှတ် ၁ နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခံထားရသည်ဟု တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုတိုးကြီးက မဇ္ဈိမကို ပြောသည်။

"အရင် အာဏာရှင်ရဲ့လုပ်ရပ်မျိုးပဲ။ဒါဟာ ဒီမိုကရေစီအစိုးရ မဟုတ်ပါဘူး။ ကျွန်တော်တို့ တောင်သူတွေကတော့ ဆက်ပြီး တောင်းဆိုမယ်။"ဟု ကိုတိုးကြီးက ပြောသည်။

တောင်သူများကို ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊၂၀ဖြင့် အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)နယ်မြေရဲစခန်းက (ပ)၄၆၆/၂၀၁၇ဖြင့် မတ္တရာမြို့နယ်နေ ကိုရဲရင့်အောင်၊ ကိုသန်းလွင်၊ ကိုမောင်စိုး၊ ကိုစိုးမင်း၊ စဉ့်ကိုင်မြို့နယ်နေ ကိုစိုးလွင်၊ပြင်ဦးလွင်မြို့နယ်နေ ကိုမင်းသူ၊ကိုစိုးဝင်း၊ဒေါက်တာ အောင်ဌေး၊မိုးကုတ်မြို့နေ ကိုစိုးဌေး၊မြောက်ဥက္ကလာပနေ ကိုအောင်သူ၊ခင်ဦးမြို့နေ ကိုတင်အုန်းကျော်တို့ကို အမှုဖွင့်လှစ်ထားသည်ဟု အမှတ်(၁)နယ်မြေရဲစခန်း၏ ထုတ်ပြန်ချက်အရသိရသည်။

ထိုသို့သပိတ်စခန်းအား ဖယ်ရှားခဲ့မှုနှင့်ပတ်သက်၍ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က" အကြိမ်ကြိမ် သတိပေးခဲ့တယ်။ ဒါကို မလိုက်နာဘူး။ ဥပဒေနဲ့မညီလို့ ဖယ်ရှားတာပါ။ အကြမ်းဖက်တာ မလုပ်ပါဘူး။ အင်အားလည်းမသုံးပါဘူး။"ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly