အစွန်းရောက်များကို တိုက်ထုတ်ရေး အမေရိကန်က ဖိလစ်ပိုင်အား ထောက်လှမ်းရေးလေယာဉ်များ ပေး

အစွန်းရောက်များကို တိုက်ထုတ်ရေး အမေရိကန်က ဖိလစ်ပိုင်အား ထောက်လှမ်းရေးလေယာဉ်များ ပေး

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၂၈ ။               ။ ဖိလစ်ပိုင်နိုင်ငံတွင် အစ္စလာမ်အစွန်းရောက်များကို တိုက်ထုတ်ရေးအတွက် အမေရိကန်က ထောက်လှမ်းရေးလေယာဉ်များ ပေးလှူပြီး လက်နက်ခဲယမ်းများလည်း စတင်ပေးပို့လျက်ရှိပြီဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ ပစ္စည်းကိရိယာ အပြည့်အစုံနှင့်အတူ Cessna C208B လေယာဉ်နှစ်စင်းကို အိုင်အက်စ် သြဇာခံ အကြမ်းဖက်လက်နက်ကိုင်များကို   ခြေရာခံကောက်နိုင်ရေးနှင့်   ရေပြင်နယ်စပ်ကင်းလှည့်ရေးတို့အတွက် ဖိလစ်ပိုင်အတွက် ပေးခြင်းဖြစ်သည်ဟု အမေရိန်သံအမတ်ကြီး ဆန်းကင်နှင့် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး လော်ရန်ဇာနာက ပြောသည်။

“ဒီလေယာဉ်တွေကို ခုလို ပေးလှုတာဟာ ကျွန်တော်တို့ မဟာမိတ်ဖြစ်ခြင်းရဲ့ သရုပ်သကန်ကို ပြသနေတာပါပဲ။ မိတ်ဖက်ဖြစ်မှုနဲ့ လက်တွဲလုပ်ဆောင်မှုတွေကို ပြနေတာပါ။ ကပ်ဘေးဆိုးတွေကို အတူရင်ဆိုင်တိုက်ခိုက် ကျော်လွှားသွားမယ့် မဟာမိတ်ဟောင်း နှစ်နိုင်ငံဖြစ်ကြောင်းပါပဲ။”ဟု မနီလာတွင် လေယာဉ်များ လက်လွဲပေးအပ်သည့် အခမ်းအနား၌ သံအမတ်ကြီး ကင်က ပြောသည်။

မာရာဝီမြို့တွင် ဖိလစ်ပိုင်အစိုးရတပ်များနှင့် နှစ်လကြာတိုက်ခိုက်နေသည့် အစွန်းရောက်များအား အမြစ်ဖြုတ်ရေး သမ္မတဒူတာတေး အစိုးရအား ကူညီထောက်ပံ့မှု နောက်ဆုံးအသုတ်အဖြစ် အမေရိကန်က ယခုလေယာဉ်နှစ်စင်း ပေးလှူခြင်းအပြင် စစ်လက်နက်ပစ္စည်းများကိုပါ ရောင်းချပေးခဲ့သည်။

သမ္မတဒူတာတေးက အမေရိကန်နှင့် မဟာမိတ်သက်တမ်း ၆၅ နှစ်ကို ချောင်ထိုးရန် ကြိုးစားပြီး တရုတ်နှင့် ပိုမိုနီးစပ်အောင် လုံးပမ်းနေလင့်ကစား မာရာဝီတိုက်ပွဲများတွင် ဖိလစ်ပိုင်အား အမေရိကန်က အရေးပါသည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးနေခြင်းလည်း ဖြစ်သည်။

ထိုပြင် ဖိလစ်ပိုင်က ဝယ်ယူသော ပေါင် ၅၀၀ ဗုံးများ၊ ဒုံးကျည်တစ်ထောင်နီးပါး၊ ပစ္စတိုသေနတ် ရာပေါင်းများစွာနှင့် ဒုံးလောင်များကိုလည်း စတင်ပေးပို့နေပြီဖြစ်ကြောင်း ကင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required