ပါတီသစ်ထူထောင်ရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို မူဝါဒအဖြစ် ထည့်သွင်းမည်မဟုတ်ဟု ဦးကိုကိုကြီးပြော

ပါတီသစ်ထူထောင်ရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကို မူဝါဒအဖြစ် ထည့်သွင်းမည်မဟုတ်ဟု ဦးကိုကိုကြီးပြော

ရန်ကုန်၊ ဇူလိုင် ၂၇ ရက်။            ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပါတီသစ်ထူထောင်ရာတွင် မူဝါဒတစ်ခုအဖြစ် ထည့်သွင်းထားခြင်းမရှိဟု နိုင်ငံရေးပါတီသစ်တစ်ရပ် ထူထောင်ရန် ကြိုးပမ်းနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ် သည့်  ဦးကိုကိုကြီးက ပြောသည်။

"ပါတီရဲ့ မူဝါဒအနေနဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ အဟန့်အတားဖြစ်နေတယ်ဆိုတဲ့အချက်တွေ ကြိုးစားပြီဆိုကတည်းက ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ပါနေပြီ၊ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ပါတီမူဝါဒ အနေနဲ့ ထည့်ဖို့ မလိုအပ်ဘူး။ မူဝါဒဆိုတာ သူ့ရဲ့အခြေခံ နိုင်ငံရေးအယူအဆ ၊ ရပ်တည်ချက်နဲ့ဆိုင်တယ်၊ ဖွဲ့စည်းပုံပြင်ရေးတို့ ၊ဖျက်ရေးတို့၊ အသစ်ရေးဆွဲရေးတို့ဆိုတာတွေက လုပ်နည်းလုပ်ဟန်တွေနဲ့ပဲဆိုင်တယ် "ဟု ဦးကိုကိုကြီးကပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့နှင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ ဖော်ဆောင်နေသည့် ပါတီ သစ်တစ်ရပ်တွင် မူဝါဒများအဖြစ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေး၊ လွတ်လပ်မျှတသည့် စျေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရေး၊ နိုင်ငံသားတိုင်း ဒီမိုကရေစီရေးနှင့် လူ့ခွင့်အရေး များ အပြည့်အဝခံစားနိုင်မည် စသည့်မူဝါဒများအပြင် နိုင်ငံရေးပါတီများနှင့် မဟာမိတ်ပါတီအဖြစ် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။

အသစ်ပေါ်ပေါက်လာမည့် ပါတီ၏အမည် သတ်မှတ်ရာတွင်လည်း ရေရှည်တည်တံ့ပြီး၊ ပြည်သူလူထု၏ အကျိုး စီးပွားကို ကိုယ်စားပြုနိုင်သည့် အမည်သတ်မှတ်မည်ဖြစ်ပြီး၊ လက်ရှိအနေဖြင့် ပါတီဥက္ကဋ္ဌ နေရာကို မည်သူဦး ဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

၈၈ မျိုးဆက်ကျောင်းသားခေါင်အချို့ဖြစ််သည့် ဦးကိုကိုကြီး၊ ဦးမင်းဇေယျတို့အပါအဝင် နိုင်ငံရေးအင်အားစုများ ဖြင့် နိုင်ငံရေးပါတီသစ်ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကို ဇူလိုင် (၁၆) ရက်နေ့က ဖွဲ့စည်းခဲ့ပြီး၊ ပါတီဝင်အင် အား ၁၀၀၀ ဖြင့် ၆ လ မှ ၉ လအတွင်း ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်နေ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required