ရာသီတုပ်ကွေးအတွက် ရွေးချယ်စရာ နှာခေါင်းစည်းများ

ရာသီတုပ်ကွေးအတွက် ရွေးချယ်စရာ နှာခေါင်းစည်းများ

ရန်ကုန်၊ ဇူလိုင် ၂၇ ။             ။ လတ်တလောဖြစ်ပွားနေသည့် လေထဲမှ ကူးစက်နိုင်သော ရာသီတုပ်ကွေး A(H1N1)ကြောင့် ပြည်သူများအကြား နှာခေါင်းစည်း တပ်ဆင်မှုများပြားလာပြီး   ဆေးဆိုင်များတွင်လည်း နှာခေါင်းစည်း (Mask) ၀ယ်လိုအား မြင့်တက်ခဲ့သည်။

ယနေ့အထိ သေဆုံးသူ ၅ ဦးအထိ ရှိလာပြီ ဖြစ်ပြီး သံသယရှိလူနာမှာလည်း တစ်ဒါဇင်ခန့်ရှိနေသဖြင့် ပြည်သူများ၏ စိုးရိမ်မှု မြင့်တက်လာသည်အလျောက် အချို့ဆေးဆိုင်များတွင်လည်း ခါတော်မီ နှာခေါင်းစည်း စျေးနှုန်းများ တက်လာကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းတွင် အများဆုံးဝယ်ယူသုံးစွဲကြသည်မှာ ခွဲစိတ်ခန်းသုံးသည့် တစ်ခါသုံး နှာခေါင်းစည်းများ ဖြစ်သည်။ သို့သော် အဆိုပါနှာခေါင်းစည်းများနှင့် အဝတ်နှာခေါင်းစည်းများသည် တပ်ဆင်ထားသူဆီက ပျံ့နှံ့ခြင်း မဖြစ်ရန်သာ ကာကွယ်နိုင်ပြီး လေထဲတွင် အမှုန်ငယ်များနှင့်အတူ ပါလာမည့် ဗိုင်းရပ်စ်ပိုးများကိုမူ ကာကွယ်နိုင်မည်မဟုတ်ကြောင်း အမေရိကန်အခြေစိုက် ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

ထိုအခါ ဆရာဝန်အချို့သည် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ရာသီတုပ်ကွေးကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်၊ရှောင်ရန်များ ရေးသားဖော်ပြခဲ့သည့်အပြင် ၀ယ်ယူသုံးစွဲသင့်သည့်နှာခေါင်းစည်းအဖြစ် N95 နှာခေါင်းစည်းကို ညွှန်းခဲ့ကြသည်။

H1N1ကို N95အမျိုးအစား နှာခေါင်းစည်းများသာ ကာကွယ်နိုင်မည်ဟု ဆရာဝန်အများစု၏ အကြံပြုချက်များ တက်လာပြီးနောက်တွင် N95 နှာခေါင်းစည်းများကို နိုင်ငံခြားမှာ မှာယူကြသူများ၊ ပြည်တွင်းတွင် လက်လှမ်းမီသလောက် ၀ယ်ယူကြသူ များပြားလာသည်ကို တွေ့ရသည်။ သို့သော် N95 နှာခေါင်းစည်းတွင်လည်း အမျိုးအစားအများအပြား ရှိနေပြီး မည်သည့်အမျိုးအစားက မိမိနှင့် ပိုသင့်လျော်သည်ကို သိရန်လိုအပ်ပေသည်။

 N95နှာခေါင်းစည်းသည် အမျိုးအစားများစွာ ရှိသည့်အနက် ယခုလက်ရှိ ပြည်တွင်းတွင် အဝယ်များနေသည်မှာ လေးမျိုးရှိသည်။ ၄င်းတို့မှာ 3M-8210 ၊ 3M-8110s ၊ 3M -1860 ၊ 3M – 1860s တို့ ဖြစ်သည်။

အဖြူရောင် လုံးဝန်းသော နှာခေါင်းစည်းပုံ ရှိသည့် 3M- 8210 နှင့် 3M – 8110s တို့မှာ သင့်တော်သော စျေးနှုန်းဖြင့် စျေးကွက်တွင် ၀ယ်ယူနိုင်ပြီ ဖြစ်သည်။ အစိမ်းရောင်ရှိ နှာခေါင်းစည်း 3M – 1860 နှင့် 3M -1860sတို့မှာ နိုင်ငံတကာရှိ ဆေးရုံများတွင် အသုံးများသော နှာခေါင်းစည်းများ ဖြစ်သည်။

အဖြူရောင် 8210 နှင့် 8110sတို့ကို များသောအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုကြပြီး ဖုန်မှုန့်နှင့် အဆီမပါသည့် အမှုန်များကိုသာ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ အစိမ်းရောင်ရှိ 1860 နှင့် 1860s နှာခေါင်းစည်းများမှာမူ ဆေးရုံများတွင် အသုံးများသည့် နှာခေါင်းစည်းဖြစ်သည့်အတွက် လေထုထဲက ဖုန်မှုန့်များကိုသာမက လေမှတဆင့် ကူးစက်တတ်သည့် တီဘီရောဂါဖြစ်စေမည့် ဗိုင်းရပ်ပိုးများကိုပင် ၉၅ ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်ကြောင်း စင်ကာပူအခြေစိုက် Raffles ဆေးပညာအဖွဲ့၏ ဆေးပညာဆိုင်ရာ သုတေသနပြုချက်အရ သိရသည်။

3M – 1860 ၊ 3M – 1860s တို့သည် H1N1ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် အဆင်အပြေဆုံးနှာခေါင်းစည်း ဖြစ်သော်လည်း ပြည်တွင်းတွင် ၀ယ်ယူရန်ခက်ခဲပြီး စျေးအတန်ငယ်မြင့်နိုင်ချေ ရှိနေသည်ကို တွေ့ရသည်။ ထို့အပြင် အဆိုပါ N95 နှာခေါင်းစည်းများသည် အမျိုးအစားအပေါ်မူတည်ပြီး တစ်ခုလျှင် မြန်မာငွေကျပ် တစ်ထောင်မှ လေးသောင်းဝန်းကျင်အထိ ကုန်ကျနိုင်ချေရှိသည်။ ထို့အပြင် ပြည်တွင်း၌ လွယ်လင့်တကူ ၀ယ်ယူနိုင်ဖို့လည်း ခက်ခဲပေသည်။

N95 နှာခေါင်းစည်းများကို အသုံးပြုမည်ဆိုပါက အရွယ်ရောက်ပြီးသူများအတွက် 3M- 1860 က သင့်လျော်ပြီး ကလေးသူငယ်များအတွက် 3M – 1860s က တပ်ဆင်ရန်အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။ နှာခေါင်းစည်းတပ်ဆင်ရာတွင် လက်သန့်သန့်ဖြင့် လေလုံအောင် တပ်ဆင်ရမည်ဖြစ်သည်။ အဆိုပါ နှာခေါင်းစည်းများသည် ရေမစိုမချင်း၊ မပေါက်ပြဲမချင်း၊ ဖရိန်မပျက်မချင်း တစ်ပတ်ကြာခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး နှာခေါင်းစည်းသိမ်းဆည်းရာတွင် ပလတ်စတစ်အိတ်များအစား စက္ကူအိတ်များနှင့် သိမ်းကာ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ထားပေးရမည်ဖြစ်သည်။

နှာခေါင်းစည်းတပ်ရုံတင်သာမက အစားအသောက်၊ အနေအထိုင် ဆင်ခြင်ကာ ကိုယ်ခံအားကောင်းအောင် နေထိုင်ရင်း ပြင်ပမှပြန်လာတိုင်း လက်ကို ဆပ်ပြာဖြင့်ဆေးခြင်း၊ ပိုးသတ်ဆေးပါသည့် လက်သန့်ဆေးရည်ဖြင့် မကြာမကြာဆေးခြင်းတို့ကို ပြုလုပ်ပေးမည်ဆိုပါက ရာသီတုပ်ကွေး ကူးစက်နိုင်ခြေနည်းကြောင်း ဆရာဝန်ကြီးအချို့က ညွှန်ကြားထားသည်။

သို့သော်  လေထဲမှတဆင့် ကူးစက်နိုင်သည့် ရာသီတုပ်ကွေး A(H1N1)ကို ကာကွယ်ရန် နှာခေါင်းစည်း တပ်ဆင်မှုများလာသည့်နှင့်အမျှ သင့်လျော်သည့် နှာခေါင်းစည်းကို ရွေးချယ်အသုံးပြုနိုင်ရန်အတွက် မဇ္ဈိမက အကြံပြုရေးသားလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required