ပဲခူးတိုင်း စည်ပင်သာယာကော်မတီ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေပြန်လည်ဖြည့်စွက်ပြင်ဆင်မည်

ပဲခူးတိုင်း စည်ပင်သာယာကော်မတီ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေပြန်လည်ဖြည့်စွက်ပြင်ဆင်မည်

ပဲခူး၊ ဇူလိုင်လ ၂၇ ။           ။ အားနည်းချက်များ ရှိနေသည့် ပဲခူးတိုင်း စည်ပင်သာယာကော်မတီ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေ ကို ပြန်လည်ဖြည့်စွက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းစည်ပင်သာယာဝန်ကြီး ဦးမောင်မောင်လွင်က ဇူလိုင် ၂၇ ရက်တွင် ပြောသည်။

“တကယ်လုပ်ကြည့်မှ အားနည်းချက်ဆိုတာသိရတာ ။ ကျွန်တော်တို့ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ ရွေးကောက်ပွဲနည်းဥပဒေဟာ အားနည်းချက်တွေ တွေ့ရတယ်။ အဲဒါကို မှတ်တမ်းပြုစုပြီး လာမယ့် တိုင်းဒေသကြီးလွှတ်တော် ခေါ်တဲ့အခါ ဥပဒေကြမ်းကော်မတီက နေပြီး အားနည်းတဲ့အချက်တွေကို ပြန်ပြီးဖြည့်စွက်ဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ပဲခူးတိုင်းစည်ပင်သာယာဝန်ကြီး ဦးမောင်မောင်လွင် က ဆိုသည်။

ထိုနေ့မနက်ပိုင်းက ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်သော ကျောင်းပြင်ပ မူလတန်းလွန် ပညာရေးလုပ်ငန်း NFPE ဖွင့်ပွဲအခမ်းအနားသို့  ပဲခူးတိုင်းစည်ပင်ဝန်ကြီး ဦးမောင်မောင်လွင်တက်ရောက်ခဲ့သည်။ အခမ်းအနားအပြီး  သတင်းမီဒီယာများ၏ မေးမြန်းမှုကို စည်ပင်ဝန်ကြီးက ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းအတွင်း  ပြုလုပ်ခဲ့သည့် စည်ပင်သာယာကော်မတီ ရွေးချယ်ပွဲများကို Pace on Peaceful Pluralism (PoPP)အဖွဲ့က စောင့်ကြည့် လေ့လာခဲ့ပြီး နည်းဥပဒေဆိုင်ရာအားနည်းချက်များ ရှိနေသည့်အတွက် ဥပဒေကို အမြန်ဆုံး ပြင်ဆင်ရန် တိုင်းဒေသကြီး လွှတ်တော်နှင့် အစိုးရ အဖွဲ့သို့ တင်ပြထားသည်။

မဲဆန္ဒနယ်အများအပြား တွင်ဝင်ရောက်အရွေးခံသူ ကိုယ်စားလှယ်လောင်း သုံးဦးထက် မကျော်သည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်း ၊ မဲလာရောက်ပေးသူ အရေအတွက် နည်းပါးခြင်း ၊ မဲပေးခွင့် မရသူ အချို့ရှိနေခြင်း ၊ မဲဆန္ဒရှင်များကိုအသိပညာပေးမှုလုပ်ငန်းများ အလွန်နည်းပါးပြီး မဲပေးခြင်း နှင့် ပတ်သတ်၍ သိရှိသူနည်းပါးခြင်း ၊ မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ တိတိကျကျမရှိသည့်အပြင် ကိုယ်စားလှယ်အများအပြား မဲဆွယ်စည်းရုံးခြင်း မရှိခဲ့ခြင်း တို့ကို လေ့လာတွေ့ရှိရသည်ဟု (PoPP)အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စည်ပင်သာယာကော်မတီ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ၊ ကော်မတီလောင်းများအတွက် မဲဆွယ်စည်းရုံးရေးမူဘောင် တိတိကျကျသတ်မှတ်ရန် ၊ အရပ်ဖက် အဖွဲ့အစည်းများ အတွက် စောင့်ကြည့်လေ့လာရေးမူဘောင်ကို အတိအကျသတ်မှတ်ရန် ၊ မဲဆန္ဒရှင်အားလုံးမဲပေးခွင့်ရရေး၊ မဲမသမာမှုများအားကာကွယ်နိုင်ရေး ၊ မဲစာရင်းတိကျမှန်ကန်ရေး ဆောင်ရွက်ရန် ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ၊ ကျင်းပမည့် နေ့ရက် အတိအကျ သတ်မှတ်ထားရန် ၊ တိကျသောရွေးကောက်ပွဲ လုပ်ငန်းလမ်းညွန်များ ထုတ်ပြန်ရန် (PoPP)အဖွဲ့က အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required