အဂူရို၊ ဒီပေးနှင့် ရှဝိန်းစတိုင်ဂါတို့ ကျောနံပါတ်များပြောင်းလဲ

အဂူရို၊ ဒီပေးနှင့် ရှဝိန်းစတိုင်ဂါတို့ ကျောနံပါတ်များပြောင်းလဲ

သြဂုတ် ၈၊ မန်ချက်စတာ ။         ။ မန်စီးတီးတိုက်စစ်မှူး အဂူရို၊ မန်ယူကွင်းလယ်တိုက်စစ်ကစားသမား ဒီပေးနှင့် ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါတို့မှာ ရာသီသစ်တွင် ကျောနံပါတ် အသစ်များကို ပြောင်းလဲ ဝတ်ဆင်ကစားမည် ဖြစ်သည်။

မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် မန်စီးတီးအသင်းကို စတင်ရောက်ရှိချိန်ကတည်းက ကျောနံပါတ် ၁၆ ကို ဝတ်ဆင်ကစားခဲ့သူဖြစ်သည်။ ယခုရာသီတွင် ဘော့စနီးယားတိုက်စစ်မှူး ဒီဇီကိုသည် ရိုးမား အသင်းသို့ ပြောင်းရွှေ့သွားသည့် အတွက် လစ်လပ်သွားသော ကျောနံပါတ် ၁၀ ကို အဂူရိုက ပြောင်းလဲ ဝတ်ဆင်မည် ဖြစ်သည်။

'ကျောနံပါတ် ၁၀ က ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ မန်စီးတီးကိုရောက်စက ဒီဇီကိုက နံပါတ် ၁၀ ကို ဝတ်ဆင်နေလို့ ၁၆ ကို ရွေးချယ်ခဲ့ပါတယ်။ နံပါတ် ၁၆ နဲ့ တကယ်ကို အမှတ်ရစရာကောင်းတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နံပါတ် ၁၀ က ကျွန်တော့်အတွက် စပါယ်ရှယ်ပါပဲ' ဟု အဂူရိုက ပြောသည်။

မန်ယူကွင်းလယ်တိုက်စစ်ကစားသမား ဒီပေးမှာလည်း ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားသော ဒီမာရီယာ၏ ကျောနံပါတ် ၇ ဂျာစီကို ပြောင်းလဲဝတ်ဆင်မည် ဖြစ်သည်။ အသင်းကို ရောက်စက နံပါတ် ၉ ကို ရွေးချယ်ခဲ့သော ဒီပေးသည် ဒီမာရီယာ၏ သတင်းများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မန်ယူ၏ ဂန္ထဝင်ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ပေးရန် ပထမဆုံး တောင်းဆိုခဲ့သူ ဖြစ်သည်။

မန်ယူအသင်း၏ ကွင်းလယ်ကစားသမားသစ် ရှဝိန်းစတိုင်ဂါကလည်း ရာသီစတင်ချိန်တွင် ကျောနံပါတ် ၃၁ ကို ပြောင်းလဲ ဝတ်ဆင်မည် ဖြစ်သည်။ ရှဝိန်းသည် ရာသီကြို ခြေစမ်းပွဲများတွင် ကျောနံပါတ် ၂၃ ကို ဝတ်ဆင်ကစားခဲ့သည်။ ယခုပြောင်းလဲဝတ်ဆင်မည့် ကျောနံပါတ် ၃၁ သည် ဘိုင်ယန်မြူးနစ်အသင်းတွင် ရှဝိန်းစတိုင်ဂါ ဝတ်ဆင်ခဲ့သည့် နံပါတ် ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required