ရုရှအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန် စီစဉ်မှု အမေရိကန်ကို အီးယူ သတိပေး

ရုရှအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန် စီစဉ်မှု အမေရိကန်ကို အီးယူ သတိပေး

ဇူလိုင် ၂၇ ။                    ။ ရုရှအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်သွားဖို့ စီစဉ်နေတဲ့ အမေရိကန်ကို ယခုအခါ ဥရောပသမဂ္ဂ (အီးယူ)ကလည်း ပြင်းထန်စွာ သတိပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်တို့ရဲ့ ယခုလုပ်ရပ်ဟာ စွမ်းအင်ကုမ္ပဏီတွေအပေါ် ထိခိုက်စေနိုင်သလို အနောက်အုပ်စုကိုလည်း သွေးခွဲပေးရာ ရောက်နိုင်ကြောင်း ဘရက်ဆဲလ်အခြေစိုက် အဖွဲ့က သတိပေးသွားပါတယ်။

အဆိုပါ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ အစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က အမေရိကန် အောက်လွွှတ်တော်မှာ တစ်ခဲနက် မဲခွဲအတည်ပြုခဲ့တာဖြစ်ပြီး ယခုအခါ ဆိနိတ်လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့အတူ သမ္မတထရမ့်ရဲ့ အတည်ပြုလက်မှတ်ထိုးဖို့တော့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ယင်းအခြေအနေအပေါ် ကရင်မလင်အစိုးရက စောင့်ကြည့်နေလျက်ရှိကြောင်း သိရပါတယ်။

ယခုကိစ္စနဲ့ပတ်သက်လို့ ထူးခြားမှုအနေနဲ့ ဥရောပသမဂ္ဂက အမေရိကန်အပေါ် ပြင်းထန်စွာ တုန့်ပြန်လာခဲ့တာဖြစ်ပါတယ်။ အီးယူကိုယ်၌ကလည်း ပြီးခဲ့တဲ့ ၂၀၁၄ ခရိုင်းမီးယားဒေသ ကျူးကျော်မှုကိစ္စနဲ့ ရုရှအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

" ခုချိန်မှာ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေကို ကောင်းကောင်း မဖြေဖျောက်ပေးနိုင်ရင်တော့ ဒီကိစ္စကို အားချင်း ကျွန်တော်တို့ တုန့်ပြန်သွားရပါလိမ့်မယ်၊ အမေရိကဦးစားပေးဆိုတဲ့ ကိစ္စက တကယ်တမ်းကျတော့ ဥရောပဒေသအတွက်မှ မဟုတ်တာပဲ" လို့ အီးယူကော်မရှင်အကြီးအကဲ Jean-Claude Juncker က ပြောပါတယ်။

" အမေရိကန်ရဲ့ အခု အရေးယူပိတ်ဆို့မှု အဆိုပြုချက်က အီးယူရဲ့ စွမ်းအင်ဖူလုံရေး အပေါ် တစ်ဘက်သက်ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်" လို့လည်း ၎င်းက ပြောသွားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required