မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ မိခင်ပါတီကနေ နှုတ်ထွက်

မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ မိခင်ပါတီကနေ နှုတ်ထွက်

ရန်ကုန် ၊ ဇူလိုင် ၂၇ ။             ။ မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်နိုင်ဦးသည် သူ့၏ မိခင်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နှုတ်ထွက်လိုက်ပြီဖြစ်သည်ဟု သိရသည်။

ဒေါက်တာအောင်နိုင်ဦး၏ နှုတ်ထွက်စာကို လက်ခံရရှိထားပြီးဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဖြစ်သူ နိုင်စံတင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"သူ ပါတီလုပ်ငန်းတာဝန်များကို မလုပ်နိုင်တော့ဘူးဆိုပြီး သူ့ဆန္ဒအလျှောက် နှုတ်ထွက်တာပါ" ဟု နိုင်စံတင်က ဆိုသည်။

ဒေါက်တာအောင်နိုင်ဦးသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတင်တည်ထောင်ခဲ့သည့် ၂၀၁၀ ခုနှစ် ကတည်းက ပါ၀င်လာသူဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တွင် မွန်ပြည်နယ်   ချောင်းဆုံမြို့နယ်   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူဖြစ်သည်။

ပါတီမှ နှုတ်ထွက်ခဲ့သည့် အကြောင်းအရင်းကို သိရှိရန် ဒေါက်တာအောင်နိုင်ဦးထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း မရရှိခဲ့ပေ။

သို့ပေမယ့် ဒေါက်တာအောင်နိုင်ဦးအနေဖြင့် မွန်ပါတီများ ပေါင်းစည်းရေးကို လိုလားသူဖြစ်ပြီး မွန်ပါတီသစ် ပေါ်ထွက်လာမည့် ကိစ္စနှင့် ပတ်သက်ဖွယ်ရှိနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

မွန်ပြည်နယ်အတွင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၊ မွန်အမျိုးသားပါတီ နှင့် မွန်အမျိုးသမီးပါတီ သုံးပါတီရှိနေပြီး  မွန်ပြည်သူများနှင့် ရဟန်းသံဃာများ၏ အယူုအဆအရ မွန်တစ်ပါတီတည်း ရှိနေရင် ရွေးကောက်ပွဲ၌ မဲအသာရမည်ဟု ထင်မြင်သုံးသပ်မှုများ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required