H1N1 တွေ့ရှိရသူ ၂၀ ဦး ရှိနေဟု ထုတ်ပြန်

H1N1 တွေ့ရှိရသူ ၂၀ ဦး ရှိနေဟု ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂၆ ။            ။ မြန်မာတစ်နိုင်ငံလုံးမှ ရရှိသော အချက်အလက်များအရ H1N1 positive တွေ့ရှိရသော လူနာ ၂၀ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် မြန်မာတစ်နိုင်ငံလုံး၌ ရာသီတုပ်ကွေး A (H1N1 ) pdm 2009 Positive လူနာ ၂၀ ဦးရှိပြီး ယင်းမှ ၃ ဦးသေဆုံးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် H1N1 တွေ့ရှိရမှု စတင်သတင်းထုတ်ပြန်သည့် ဇူလိုင်လ ၂၄ ရက်မှ ယနေ့ အထိ လူ ၂၀ ဦးရှိနေပြီဟု အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယနေ့ သတင်းမထုတ်ပြန်မီ ဇူလိုင်လ ၂၆ ရက် နေ့လည်ပိုင်းအထိ ၁၆ ဦး တွေ့ရှိထားပြီး ချင်​းပြည်​နယ်​ မတူပီမှ ၁၀​ ဦး၊  ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှ ၄​ ဦး၊ ရန်​ကုန်​ပြည်​သူ့​ဆေးရုံသစ်​ကြီး၌ လူနာ ၁ ဦးနှင်​့်​ ယနေ့ စစ်ဆေးတွေ့ရှိရသော ရန်​ကင်​းက​လေး​ဆေးရုံသစ်​ကြီးမှ ၃ နှစ်အရွယ်ကလေးတစ်​​ဦးတို့ဖြစ်​သည်​။

ဇူလိုင်လ ၂၂ ရက်မှစတင်ပြီး ဧရာဝတီတိုင်းမှရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ H1N1 ဖြင့် ဆေးကုသမှုခံယူနေသော အမျိုးသားတစ်ဦး ဇူလိုင်လ ၂၆ ရက်တွင် သေဆုံးခဲ့ပြီး  ရန်ကုန်ဆေးရုံကြီးမှ လူနာ ၃ ဦး သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် ဧရာဝတီတိုင်းမှ ၄ ဦး၊ ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးတစ်ဦးတွင် သံသယဖြစ်ဖွယ် ထပ်မံတွေ့ရှိခဲ့သည်။

ဧရာဝတီတိုင်းမှ လူ ၄ ဦးတွင် H1N1 လက္ခဏာများ စစ်ဆေးတွေ့ရှိရသောကြောင့် စောင့်ကြပ်ကုသနေရကြောင်း လူမှုရေးဝန်ကြီးကပြောထားသည်။

"ပုသိမ်မြို့နယ်မှာ တွေ့ရှိတဲ့ ဖျားနေတဲ့သူတွေကို သီးသန့်ခွဲခြားပြီး အဆက်မပြတ် စောင့်ကြည့်နေတာ ရှိပါတယ်။ ကုသမှုပေးနေပါတယ်။ Positive အနေနဲ့ တွေ့တာဖြစ်ပါတယ်။ ပထမဆုံး စဖြစ်တာ ရေကြည်မြို့နယ်ပါ ။ ဒုတိယအနေနဲ့ဆို ဖျာပုံမြို့နယ်၊တတိယအနေနဲ့ဆို ပုသိမ်မြို့နယ်ပါ တွေ့ရတဲ့ အနေအထားတွေရှိပါတယ်”ဟု တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။

ထို့ပြင် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် သံသယတုပ်ကွေးရောဂါဖြင့် လူ ၃၀၀ ဦးအား ဇူလိုင်လ ၅ ရက်မှ ၂၆ ရက်အထိ စစ်ဆေးခဲ့ရာ ၁၀ ဦးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required