Mask (နှာခေါင်းစည်း) တပ်ခြင်းက H1N1ကို ထိရောက်စွာ ကာကွယ်နိုင်သည့်နည်း မဟုတ်သေး

Mask (နှာခေါင်းစည်း) တပ်ခြင်းက H1N1ကို ထိရောက်စွာ ကာကွယ်နိုင်သည့်နည်း မဟုတ်သေး
Mask (နှာခေါင်းစည်း) တပ်ထားသော ပြည်သူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဇူလိုင် ၂၆ ။          ။ Mask (နှာခေါင်းစည်း) တပ်ခြင်းက H1N1 ဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်နိုင်သည့်နည်းမဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောဆိုလိုက်သည်။

H1N1 ကူးစက်မြန်ဗိုင်းရပ်စ်သည် 5 မိုက်ကွန်ဟုခေါ်သည့် သေးငယ်သည့် အရာမျိုးဖြစ်သောကြောင့် Mask ၏ အပေါက်များထဲသို့ လျှင်မြန်စွာဖြတ်သန်းသွားလာနိုင်ကြောင်း ၄င်းကပြောသည်။

“ Mask က တကယ်လိုအပ်လို့လားလို့မေးရင် မလိုပါဘူးဗျာ။ ၂၄ နာရီလုံး Mask ကို တပ်ထားတဲ့သူ တွေ တွေ့ဖူးလား။  ကိုယ်တို့ထဲမှာ မရှိဘူးလေ။ ကိုယ့်ပတ်ဝန်းကျင်က ဒီဗိုင်းရပ်စ်က ရှိပြီးသားလေ။ အဲ့တော့ ပြောချင်တာက Mask တပ်ခြင်းသည် ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်တဲ့နည်း မဟုတ်ဘူးလို့ ပြောချင်တယ်”ဟု ဒေါက်တာသာထွန်းကျော်က ပြောဆိုသည်။

H1N1 ဗိုင်းရပ်စ် ကူးစက်မည်ကိုကြောက်၍ Mask တပ်ကြသည်ကိုအပြစ်မပြောလိုသော်လည်း Mask တပ်ခြင်းဖြင့်ရောဂါကို ကာကွယ်နိုင်ခြင်း မရှိကြောင်းသိရသည်။

သို့သော် “ N95 ဆိုတဲ့ Mask ကပဲ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောသည်။

Mask တပ်ခြင်းသည် H1N1ရောဂါပိုးအား ကာကွယ်နိုင်သည့် ထိရောက်သည့် နည်းလမ်း မဟုတ်ကြောင်းနှင့် Mask (နှာခေါင်းစည်း) တပ်မည်ဆိုလျှင်လည်း H1N1ကို အမှန်တကယ် အကာကွယ်ပေးနိုင်သည့် N95 Mask ကို တပ်သင့်ကြောင်း ၄င်းကဆိုသည်။

တုပ်ကွေးကာကွယ်ဆေးအား မြန်မာနိုင်ငံ၌ ထိုးလေ့မရှိသဖြင့် အလွယ်တကူ မရရှိနိုင်ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးမည်ဆိုလျှင်လည်း မိုးမကျမီ ဧပြီ၊နှင့် မေလများတွင် ထိုးသင့်ကြောင်း ၎င်းက အကြံပြုပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားလာသည့် ကူးစက်မြန် H1N1 ဗိုင်းရပ်စ်ကြောင့် ရန်ကင်းကလေးဆေးရုံမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ ယနေ့အထိ H1N1 တွေ့ရှိသူ ၁၆ ဦးရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly