ပြည်ခရိုင်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၀၀ ကျော်ရှိပြီး ၃ ဦးသေဆုံး

ပြည်ခရိုင်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၀၀ ကျော်ရှိပြီး ၃ ဦးသေဆုံး

ပြည်၊ ဇူလိုင် ၂၆ ။           ။ ပဲခူးတိုင်း ပြည်ခရိုင် အတွင်း ဧပြီလ မှ ဇူလိုင် ၂၆ ရက်အထိ သွေးလွန်တုန်ကွေး ရောဂါဖြစ်ပွားသူ နှစ်ရာကျော်ရှိပြီး ကလေးငယ် သုံးဦးသေဆုံးခဲ့သည်ဟု ပြည်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“ပဲခူးတိုင်းမှာ အရှေ့ခြမ်းက ပိုများတယ်။ ကျွန်တော်တို့ အနောက်ခြမ်းက နည်းတယ်။ ပဲခူးတိုင်းအနေနဲ့ ဆိုရင်လဲ နံပါတ် ၅ လောက်မှာပဲ ရှိတယ်။ ရန်ကုန်တို့၊ ဧရာဝတီတိုင်းတို့မှာ အဖြစ်များတယ်။ ပြည်ခရိုင်အနေနဲ့ ဆိုရင်လည်း အဖြစ်နည်းတယ်”ဟု ပြည်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ အေးသိန်းက ဆိုသည်။

ဧပြီလ မှ ဇူလိုင် ၂၆ ရက်အထိ ပြည်ခရိုင်အတွင်း သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၂၀၁ ဦးရှိပြီး (၄) နှစ် နှင့် (၅) နှစ်အရွယ် ကလေးငယ် ၃ ဦးသေဆုံးခဲ့သည်။ ယခု နောက်ဆုံး ဇူလိုင် ၂၁ ရက်က ပြည်မြို့ ဆင်စုရပ်ကွက် မှ ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့ရခြင်းသည်လည်း ဆေးရုံရောက် နောက်ကျ၍ ဖြစ်ကြောင်း ၄င်းကပြောသည်။

“သူကလည်း အိမ်မှာ တော်တော်ကြာကြာ နေလိုက်တယ်။ ဆေးရုံ ချက်ချင်းမရောက်ဘူး။ ဆေးရုံရောက်တော့ နည်းနည်း လွန်သွားတဲ့သဘောရှိတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ အေးသိန်းက ဆိုသည်။

ပြည်ခရိုင်အတွင်း စာသင်ကျောင်းများ ၊ ရေဘေးကယ်ဆယ်ရေးစခန်းများ တွင်  သွေးလွန်တုတ်ကွေး ရောဂါအကြောင်း အသိပညာပေးမှုများကို ပြုလုပ်နေသည်။ ရပ်ကွက်ကျေးရွာအုပ်စု အလိုက် တစ်အိမ်တက်ဆင်း ခြင်ဆေးခတ်ခြင်း ၊ ခြင်ခိုအောင်းနိုင်သောနေရာများ ရောဂါဖြစ်ပွားသည့် နေရာများကို ခြင်ဆေးဖြန်းခြင်းများလည်းဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required