လာအိုကို နိုင်ပြီး မြန်မာယူ-၁၆ အသင်း ဗိုလ်လုပွဲတက်

လာအိုကို နိုင်ပြီး မြန်မာယူ-၁၆ အသင်း ဗိုလ်လုပွဲတက်
အာဆီယံယူ-၁၆ ချန်ပီယံရှစ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သော မြန်မာယူ-၁၆အသင်း

အာဆီယံယူ-၁၆ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာယူ-၁၆ အသင်းက လာအိုယူ-၁၆ အသင်း ကို ၁-၀ ဂိုးဖြင့် အနိုင်ရကာ ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

မြန်မာယူ-၁၆ အသင်းမှာ အုပ်စုပွဲစဉ်များတွင် စင်ကာပူအသင်းကို ၃-၁ ဂိုး၊ ဖိလစ်ပိုင်အသင်း ကို ၃-၀ ဂိုး၊ ကမ္ဘောဒီးယားအသင်းကို ၃-၀ ဂိုးများဖြင့်အနိုင်ရခဲ့ပြီး သြစတြေးလျ အသင်းကို ၄-၀ ဂိုးဖြင့် ရှုံးခဲ့သည်။

မြန်မာအသင်းမှာ အုပ်စု(ခ)တွင် အုပ်စုဒုတိယသာ ရခဲ့သည့်အတွက် ဆီမီးဖိုင်နယ်တွင် အုပ်စု(က) ပထမ လာအိုအသင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ လာအိုအသင်းမှာ အုပ်စု(က)တွင် ထိုင်းကို ၁-၀ ဂိုး၊ တီမောကို ၃-၂ ဂိုး၊ ဘရူနိုင်းကို ၂-၀ ဂိုး၊ မလေးရှားအသင်းကို ၂-၀ ဂိုးများဖြင့် အနိုင်ရကာ ဗီယက်နမ်အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့သည်။

ဆီမီးဖိုင်နယ်တွင် မြန်မာယူ-၁၆ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကျော နံပါတ်-၈ ပြည့်စုံနိုင်က သွင်းယူခဲ့သည်။ မြန်မာယူ-၁၆ အသင်းမှာ ဗိုလ်လုပွဲတွင် ထိုင်း-သြစတြေးလျ ပွဲစဉ်မှ အနိုင်ရသောအသင်းနှင့် သြဂုတ် ၉ ရက်တွင် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required