လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အမှုရင်ဆိုင်ရန် သြစတြေးလျသို့ ခရစ်ယာန်ဘုန်းတော်ကြီး ပယ်လ်ရောက်ရှိ

လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အမှုရင်ဆိုင်ရန် သြစတြေးလျသို့ ခရစ်ယာန်ဘုန်းတော်ကြီး ပယ်လ်ရောက်ရှိ

မဲလ်ဘုန်း၊ ဇူလိုင် ၂၆  ။             ။ ဗာတီကန်၏ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ ခရစ်ယာန်ဘုန်းတော်ကြီး ဂျော့ပယ်လ်သည် လိင်ပိုင်းဆိုင်ရာစော် ကားမှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသောကြောင့် ကြားနာရန်အတွက် သြစတြေးလျတရားရုံးသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိခဲ့ပြီး မီဒီယာများ၏ ပြင်းထန်သောဝေဖန်မှုနှင် ့ရင်ဆိုင်နေရသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ အသက် ရ၆နှစ်အရွယ် ကာဒီနယ်ဂျော့ပယ်လ် သည် လွန်ခဲ့သောဆယ်စုနှစ်များစွာအကြာက သြစတြေးလျ၌ အကြီးတန်းဘာသာရေး   ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့စဉ်ကာလက လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့သည်ဆိုသော များပြားလှသည့် စွပ်စွဲချက်များကို ရင်ဆိုင်ရန်အတွက် ရောမမှ မဲလ်ဘုန်းသို့ ယခုလ အစောပိုင်းတွင်   ပြန်လာခဲ့သည်။

စွပ်စွဲချက်များ၏ အသေးစိတ်ကို ပြည်သူလူထုထံသို့ တရားဝင်မထုတ်ပြန်ရသေးသော်လည်း များပြားလှသော တိုင်ကြားချက်များကို ရရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သို့သော်လည်း ဆစ်ဒနီနှင့် မဲလ်ဘုန်း၏ ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီးဖြစ်ခဲ့သော ဂျော့ပယ်လ်က သူသည်အပြစ်ကင်းစင်ကြောင်း ပြောဆိုခဲ့သည်။

မရွှင်မပျမျက်နှာနှင့် အားနေနေပုံပေါ်သော ပယ်လ်သည် ရဲတပ်ဖွဲ့ခြံရံလျက် မဲလ်ဘုန်း ရာဇဝတ်တရားရုံးသို့ လာရောက်စဉ်တွင် အပြင်ဘက်တွင်ရှိသော ဓာတ်ပုံသမားများ၊ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်မှတ်ချက်ပေးခြင်းမရှိဘဲ တရားရုံးထဲသို့ တိုးဝှေ့ဝင်ရောက်သွားခဲ့သည်။

သူသည် တရားရုံး၌ ကြားနာပွဲကို ကိုယ်တိုင်တက်ရောက်ဖို့မလိုအပ်ဘဲ တရားရုံး၏ လုပ်ငန်းစဉ်များ၊ နောက်ထပ် ကြားနာမည့် ရက်စွဲများနှင့် တရားစီရင်မှုအသေးစိတ်ကို သူ၏ရှေ့နေများနှင့်သာ လွှဲထား၍ရကြောင်း သိရသည်။

သို့သော်လည်း ပယ်လ်သည် သူ့ကိုယ်သူခုခံချေပရန်နှင့် စွပ်စွဲခံထားရသော စာရင်းမှ သူ၏အမည်ကိုပယ်ဖျက် နိုင်ရန် ရုံးတော်သို့ ကိုယ်တိုင်လာရောက်ခဲ့ခြင်း ဖြစ်သည်။

“ဒီစွပ်စွဲချက်တွေက ကျုပ်နဲ့မဆိုင်ပါဘူး။ အားလုံးကအမှားတွေပါ။ ကျုပ်ကအပြစ်ကင်းပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုတာ ကျုပ်အတွက်တော့ စက်ဆုပ်ဖွယ်ရာကိစ္စပါပဲ” ဟု သူက ပြီးခဲ့သောလတွင် ရောမ၌ ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly