ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်အပေါ် စိတ်ပျက်နေပြီဟု ဒေါ်နယ်ထရမ့် လူသိရှင်ကြားထုတ်ပြော

ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်အပေါ် စိတ်ပျက်နေပြီဟု ဒေါ်နယ်ထရမ့် လူသိရှင်ကြားထုတ်ပြော

ဇူလိုင် ၂၆ ။              ။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူသိရှင်ကြား ဝေဖန်ပြစ်တင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန် ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင် တစ်ယောက် ယခုအခါ ၎င်းရဲ့နေရာအတွက် မသေချာမရေရာတော့တဲ့ အခြေအနေတစ်ရပ်နဲ့ ကြံုတွေ့နေရပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ထရမ့်က ၎င်းအားကိုးခဲ့တဲ့ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ ရှေ့နေချုပ် ဆက်ရှင်ကို လူသိရှင်ကြား ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ လုပ်ပုံကိုင်ပုံတစ်ချို့မှာ အားနည်းမှုတွေ ရှိခဲ့ကြောင်း၊ အဲဒီအတွက်ကြောင့်လည်း ခုချိန်မှာ တော်တော်လေး စိတ်ပျက်နေပြီ ဖြစ်ကြောင်း ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရှေ့နေချုပ် ဆက်ရှင်ဟာဆိုရင် ထရမ့်ရဲ့သစ္စာအရှိဆုံးသော နောက်လိုက်တွေထဲမှာ တစ်ဦးဖြစ်နေခဲ့ပေမယ့် သမ္မတထရမ့်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ၎င်းကို လူသိရှင်ကြား   ဝေဖန်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ဆက်ရှင်ကို ထုတ်ပြီး တစ်ခြားတစ်ယောက်နဲ့ အစားထိုးတော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေလည်းထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲအတွင်း ရုရှနဲ့ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့တို့အကြား ဖြစ်နိုင်ဖွယ် ပတ်သက်ထားခဲ့မှုတွေအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်တဲ့ကိစ္စနဲ့ပတ်သက်လို့ ဆက်ရှင်ကို ထရမ့်က ထုတ်ဖော်ဝေဖန်ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း ပြိုင်ဘက် ဟီလာရီရဲ့ အီးမေးလ်ပေါက်ကြားမှု ကိစ္စမှာ လုံလောက်တဲ့ကိုင်တွယ်ဆောင်ရွက်မှုမျိုး မလုပ်နိုင်ခဲ့ဘူးဆိုပြီး ရှေ့နေချုပ် ဆက်ရှင်ကို ထရမ့်က ထပ်မံဝေဖန်ခဲ့ပြန်တာဖြစ်ပါတယ်။

" ရှေ့နေချုပ် ဆက်ရှင်အနေနဲ့ ဟီလာရီကလင်တန်ရဲ့ အီးမေးလ် ပေါက်ကြားမှုကိစ္စတွေမှာ ကိုင်တွယ်ပုံ တော်တော်အားနည်းခဲ့တယ်ဗျာ" ဆိုပြီး ထရမ့်က တွစ်တာကနေတဆင့် ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required