ငလျင်ကြောင့် ပျက်စီးသည့် ဘုရားစေတီ၊ ဘုန်းကြီးကျောင်းများ ပြုပြင်ပေးရေး နီပေါသံဃာတော် ရာနှင့်ချီကာ ဆန္ဒပြ

ငလျင်ကြောင့် ပျက်စီးသည့် ဘုရားစေတီ၊ ဘုန်းကြီးကျောင်းများ ပြုပြင်ပေးရေး နီပေါသံဃာတော် ရာနှင့်ချီကာ ဆန္ဒပြ

ခတ္တမန္ဒူ၊ ဇူလိုင် ၂၆ ။                   ။ နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ငလျင်ကြောင့် ပျက်စီးသော ဘုရားစေတီ၊ ဘုန်းကြီးကျောင်းပေါင်း တစ်ထောင်နီးပါးကို ပြန်လည်ပြင်ဆင်ပေးရေးအတွက် ခတ္တမန္ဒူမြို့တော်တွင် သံဃာတော် ရာပေါင်းများစွာက ဇူလိုင် ၂၆ ရက်၌ ဆန္ဒပြကြသည်။

ခရိုင်ပေါင်း ၂၅ ခရိုင်မှ ဗုဒ္ဓဘာသာ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းပေါင်း ၉၉၃ ခုသည် လွန်ခဲ့သော နှစ်နှစ် ဧပြီ ၂၅ ရက်က ငလျင်တွင် ပျက်စီးခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် ဘုန်းကြီးတစ်ပါးဖြစ်သော  ဘာဘူလာမာက မိန့်သည်။

“ကိုယ်တော်တို့ရဲ့ စိုးရိမ်ပူပန်နေရတဲ့ အခြေအနေကို မဖြေရှင်း ပေးမချင်း ဆက်လက်ဆန္ဒပြသွားမှာပဲဖြစ်ပါတယ်။”ဟု ဘုန်းကြီး လာမာက အီးပီအေသို့ ပြောသည်။

အနည်းငယ်သော ဘုန်းကြီးကျောင်းများသာ ပြည်သူများ မတည်မှုဖြင့် ပြန်လည်ပြင်ဆင်တည်ဆောက်နိုင်ကြောင်း၊ အစိုးရက ထောက်ပံ့မှု ချို့ငဲ့ကြောင်း၊ ပြန်လည်ပြင်ဆင်ခဲ့သည့် ဘုရားစေတီ ဘုန်းကြီးကျောင်းများတွင် ယူနက်စကိုအမွေအနှစ်စာရင်းဝင် ဘူဟန်နက်ရှ်စေတီတော်ပါ ပါဝင်ကြောင်း ဘုန်းကြီးလာမာက မိန့်သည်။

ဘုရားစေတီနှင့် ဘုန်းကြီးကျောင်း အရွယ်အစားနှင့် ပျက်စီးမှုပေါ် မူတည်ကာ တစ်ကျောင်းကို အမေရိကန်ဒေါ်လာ ၄၉၅၀၀ နှင့် ၁၀၂၀၀၀ ဒေါ်လာကြား ထောက်ပံ့မည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသော်လည်း ဘုန်းတော်ကြီးများက ယင်းထောက်ပံ့ငွေကို လက်ခံရရှိခြင်း မရှိကြောင်း မိန့်ကြသည်။

“အစိုးရဌာနတွေက မကြာခဏ လာတော့ ကြည့်ပေမယ့် ဘတ်ဂျက်ချထားပေးတာ မရှိပါဘူး။”ဟု ဘုန်းတော်ကြီး လာမာက မိန့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required