ဆက်သွယ်ရေးပုဒ်မ ၆၅တွင် အာမခံပေးနိုင်သည့်စကားရပ် ပြဌာန်းရန် မသင့်ဟု တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေး

ဆက်သွယ်ရေးပုဒ်မ ၆၅တွင် အာမခံပေးနိုင်သည့်စကားရပ် ပြဌာန်းရန် မသင့်ဟု တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေး
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တက်ရောက်လာသော တပ်မတော်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ-သက်ကို

နေပြည်တော် ၊ ဇူလိုင် ၂၅ ။             ။ ယနေ့ ဇူလိုင်လ ၂၅ရက်နေ့က နေပြည်တော်ရှိ အမျိုးသားလွှတ်တော်တွင် ကျင်းပပြုလုပ်သော အစည်းဝေးတွင်း ဆက်သွယ်ရေး ဥပဒေကြမ်း အပေါ် ဆွေးနွေးရာတွင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသက်မင်းဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၅ ပါကျုးလွန်သူများကို အာမခံပေးနိုင်သည် ဆိုသည့်စကားရပ်အား ထည့်သွင်းပြဌာန်းရန် မသင့်ကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို တပ်မတော်သားကိုယ်စားလှယ် အပါအဝင် ကိုယ်စားလှယ် ၁၄ဦးက ၀င်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ သည် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို လိုင်စင်မဲ့ လုပ်ကိုင်သူများအား အရေးယူရန် ထားရှိသည့် ဥပဒေပုဒ်မဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၅ ပါပြဌာန်းချက် များကို ဖောက်ဖျက် ကျုးလွန်မိပါက ထောင်ဒဏ် ၅နှစ်ထိ ချမှတ်နိုင်သောကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ နောက်ဆက်တွဲ ဇယားတွင် ထောင်ဒဏ်သုံးနှစ်နှင့် အထက်ပြစ်မှုများကို အာမခံ မပေးနိုင်သည့်   ပြစ်မှုများအဖြစ် သတ်မှတ်ထားသောကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေနှင့် ကွဲလွဲမှုမရှိရန် လိုအပ်သည်ဟု ၄င်းက အစည်းဝေးတွင် ပြောသည်။

ထို့ကြောင့် “နိုင်ငံတော် အကျိုးစီးပွားအား ကာကွယ်ရန် အတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၅ ပါကျူးလွန်သူများအား အာမခံပေးနိုင်သည် ဆိုသည့် စကားရပ်အားထည့်သွင်းပြဌာန်းရန် မသင့်ကြောင်း” ဗိုလ်မှူးသက်မင်းဦးက ဆိုသည်။

ထို့ပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ပုဒ်မခွဲ(က)သည် ဆက်သွယ်ရေးကွန်ယက်ဆိုင်ရာ Privacy များကိုချိုးဖောက်မှုအား တားဆီး အရေးယူနိုင်ရန် ပြဌာန်းထားခြင်းဖြစ်ပြီး ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုပြီး နိုင်ငံတော် လုံခြုံမှု အဆင့်ရှိသောဆက်သွယ်ရေး ကွန်ယက်များနှင့် လေကြောင်းရန် ကာကွယ်ရေး စနစ်များကို တိုက်ခိုက်ဖျက်ဆီးခြင်းခံခဲ့ရပါက နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများ ရှိမည်ဖြစ်သောကြောင့် “ထိုကဲ့သို့သောနိုင်ငံတော် ဆုံးရှုံးမှု ကြီးမားသည့် ဆက်သွယ်ရေး ရာဇဝတ်မှုကျူးလွန်သူ တစုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်အား အာမခံ ပေးထားခြင်းသည် သင့်လျော်မှု မရှိကြောင်း တွေ့ရှိရပါတယ်” ဟု ဗိုလ်မှူးသက်မင်းစိုးက အစည်းအဝေး တွင် ပြောသည်။

ထို့ပြင် ပုဒ်မ ၆၆(ဃ)တွင် ပါရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးဟု ပြဌာန်းပါရှိသည့် အတွက် အဆိုပါ စကားရပ် သည် တိကျသည့် အဓိပါ္ပယ်ဖွင့်ဆိုချက်မရှိခြင်းကြောင့် ထိုစကားရပ်သည် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုသာ ရည်ညွှန်းနေသလို ဖြစ်နေသောကြောင့် အဖွဲ့အစည်း၊ အသင်းအဖွဲ့ လူတစ်စု၊ ကုမ္ပဏီ စသည်တို့ကိုပါ အကျုံးဝင်စေရန် အဓိပါ္ပယ်တိတိကျကျ ဖွင့်ဆိုသင့်ကြောင်းလည်း ပြောသည်။

၄င်း ဥပဒေကြမ်းတွင် အာမခံ ပေးနိုင်သည်ဆိုသည့် အပေါ်တွင်လည်း ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ကိုယ်စားလှယ် နော် ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုးကလည်း ခုလိုပဲ   ဆွေးနွေးခဲ့ပါတယ်။

“ရာဇဝတ်ကျင့်ထုံး ဥပဒေ အရ ပြစ်ဒဏ်သုံးနှစ် အထိ ပေးနိုင်တဲ့ အမှုဟာ လတ်တလော အာမခံချက် မပေးနိုင်တဲ့ အမှုအဖြစ် သတ်မှတ်ပါတယ်။ အခုပြင်ဆင်လိုက်တဲ့ ဆက်သွယ်ရေး ဥပဒေကြမ်း အထူးဥပဒေမှာ အာမခံ ပေးနိုင်တဲ့ အမှု သတ်မှတ်လိုက်တဲ့ အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပြဌာန်းချက်ကို ကျော်လွန်ဆုံးဖြတ်ပြင်ဆင်သလိုဖြစ်ပါတယ်။ ဒါကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို မထိခိုက်စေပဲ ပြစ်ဒဏ် ၃ နှစ်အစား ၂နှစ်ပြင်ဆင်သတ်မှတ်လိုက်မယ်ဆိုရင်အာမခံ ပေးနိုင်တဲ့ ပုဒ်မ အဖြစ် အလို အလျောက်ပြောင်းလဲ သွားမည်” ဖြစ်သည်ဟု ၄င်းက ဆွေးနွေးခဲ့သည်။

ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် အမှုစုစုပေါင်း(၇၅)မှုထိ ရှိလာသည်ဟု ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ ကဗျာဆရာ မောင်ဆောင်းခက ဇူလိုင် (၂၀)ရက်တွင် မဇ္စျိမ ကိုပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required