ရလဒ်ဆိုးနေသော ဟံသာဝတီအသင်း နည်းပြဟောင်း ဆီဗာဂျီကို ပြန်လည်ခေါ်ယူ

ရလဒ်ဆိုးနေသော ဟံသာဝတီအသင်း နည်းပြဟောင်း ဆီဗာဂျီကို ပြန်လည်ခေါ်ယူ
ဟံသာဝတီအသင်း နည်းပြဟောင်း ဆီဗာဂျီ။  ဓာတ်ပုံ - ဟံသာဝတီယူနိုက်တက်

၂၀၁၅ ဘောလုံးရာသီတွင် တန်းဆင်းဇုန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟံသာဝတီအသင်း သည် အသင်းနည်းပြဟောင်း ဆီဗာဂျီကို ပြန်လည်ခေါ်ယူခဲ့ပြီ ဖြစ်သည်။ ဆီဗာဂျီမှာ သြဂုတ် ၈ ရက် တွင် ကစားမည့် မကွေးအသင်းနှင့် ပွဲ၌ နည်းစနစ် ဒါရိုက်တာအဖြစ်သာ ဆောင်ရွက်မည်ဖြစ်ကာ ဇေယျာရွှေမြေအသင်းနှင့်ပွဲမှစ၍ အသင်းနည်းပြချုပ်အဖြစ် ကိုင်တွယ်လာဖွယ်ရှိနေသည်။

သြဂုတ် ၈ ရက်တွင် အောင်ဆန်းကွင်း၌ ကစားမည့် မကွေးအသင်းနှင့်ပွဲတွင် နည်းပြဦးငွေထွန်း က အသင်းနည်းပြချုပ်အဖြစ် ကိုင်တွယ်မည်ဖြစ်ပြီး မကွေးအသင်းနှင့် ပွဲစဉ်အပြီး လက်ကျန်နေရှင်နယ် လိဂ်ပွဲစဉ်များတွင် နည်းစနစ်ဒါရိုက်တာအဖြစ် ရောက်ရှိလာသော နည်းပြဆီဗာဂျီက ကိုင်တွယ်ဖွယ် ရှိနေသည်။

“ လောလောဆယ် သူက နည်းစနစ် ဒါရိုက်တာအနေနဲ့ လာမှာပါ။ နောက်မှာ ဘယ်လိုလုပ် မလဲ၊ အသင်းကို လွှဲယူမလားဆိုတာ ညှိနှိုင်းရပါဦးမယ်။ လာမယ့် မကွေးနဲ့ပွဲမှာ နည်းစနစ် ဒါရိုက်တာ အနေနဲ့ပဲ လုပ်မှာပါ။ ဆီဗာဂျီရောက်လာတော့ အသင်းအတွက် ပိုကောင်းတဲ့ အထောက်အကူတစ်ခု တော့ ဖြစ်မှာပါ” ဟု ဟံသာဝတီအသင်း မန်နေဂျာ ဦးထွန်းထွန်းလင်းက မဇ္ဈိမကို ပြောသည်။

ဟံသာဝတီအသင်းသည် ယခင် နည်းပြဟောင်း ဆီဗာဂျီကို သုံးလ ကာလတိုစာချုပ်ဖြင့် ပြန်လည်ခေါ်ယူထားခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ဟံသာဝတီ အသင်းသည် နေရှင်နယ်လိဂ်ပွဲစဉ် ၁၃ ပွဲကစား ပြီးချိန်၌ နိုင်ပွဲ လုံးဝမရရှိသေးဘဲ အမှတ်ပေးဇယား အောက်ဆုံး အဆင့် ၁၂ နေရာတွင် ရပ်တည်နေသည်။

ဟံသာဝတီအသင်းသည် ပြီးခဲ့သည့် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ကာ နေရှင်နယ်လိဂ်-၁ သို့တန်းပြန်တက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အမှတ်ပေး ဇယားအောက် ဆုံးနေရာတွင် ရောက်ရှိနေသောကြောင့် ရာသီကုန်၌ လိဂ်-၂ သို့ တန်းပြန်ဆင်းရမည့် အနေအထားနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required