ပြင်ဦးလွင်မြို့တွင် H1N1 အသိပညာပေး ကမ်ပိန်း ပြုလုပ်

ပြင်ဦးလွင်မြို့တွင် H1N1 အသိပညာပေး ကမ်ပိန်း ပြုလုပ်

ပြင်ဦးလွင်၊ ဇူလိုင် ၂၅ ။                ။ မြန်မာနိုင်ငံတွင် H1N1 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများ တွေ့ရှိပြီးနောက် ပြည်သူလူထုအနေဖြင့် H1N1 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဇူလိုင်(၂၅)ရက် နံနက်(၉)နာရီခွဲက ပြင်ဦးလွင်မြို့တွင် အရပ်ဖက်အဖွဲ့အစည်းအချို့ စုပေါင်းကာ H1N1 အသိပညာပေး ကမ်ပိန်းများ ပြုလုပ်ခြင်းနှင့်အတူ နှာခေါင်းစည်းများကို ပေးဝေခဲ့ကြောင်း သိရသည်။

'' မနေ့ကမှ လူမှုကွန်ယက်စာမျက်နှာနဲ့ သတင်းတွေမှာ ဖတ်ရတယ်၊ ကျွန်တော်တို့မြို့မှာ H1N1 နဲ့ ပတ်သက်ပြီး သိတဲ့လူ အရမ်းနည်းတယ်၊ H1N1 ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိနိုင်ဖို့ ဒီနေ့ ကမ်ပိန်းပြုလုပ်တာဖြစ်ပါတယ် '' ဟု စိမ်းလန်းပြင်ဦးလွင် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုတင့်က ပြောသည်။

ပြင်ဦးလွင် မြို့လယ် နာရီစင်အနီး နှင့် စျေးလေးမီးပွိုင့်အနီးတွင် စိမ်းလန်းပြင်ဦးလွင် နှင့် သန္တိသုခလူမှုကူညီရေးအသင်း တို့ ပူးပေါင်း၍ H1N1 ကာကွယ်နည်း လက်ကမ်းစာစောင်များ နှင့် နှာခေါင်းစည်း (၅၀၀၀)ကျော် ဝေငှကာ အသိပညာပေးခဲ့သည်။

'' ပြည်သူတွေ ကြိုတင်ကာကွယ်မှုတွေလုပ်နိုင်ဖို့ အဓိက အသိပညာပေးစေချင်တယ်၊ တော်တော်များများ အခုထိ မသိကြသေးဘူး၊ လူထုများများ သိနိုင်အောင် ကြိုတင်ကာကွယ်နိုင်အောင် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်စေချင်ပါတယ်၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းလုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အရပ်ဖက် အဖွဲ့အစည်းအနေနဲ့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ အသင့်ပါပဲ '' ဟု စိမ်းလန်းပြင်ဦးလွင် သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ကိုတင့်က ပြောသည်။

ပြင်ဦးလွင်မြို့ခံ လူထုကြား H1N1 ရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ လူတိုင်း ကြိုတင်ကာကွယ်နိုင်ရန် စိမ်းလန်းပြင်ဦးလွင်အနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly