အုပ်ချုပ်ရေးမှူးကို ရာထူးမှဖယ်ရှားပေးရန် ဆန္ဒပြခဲ့သည့် ဦးဆောင်တောင်သူ ၃ ဦး ငြိမ်း၊စု၊စီ ဥပဒေဖြင့် တိုင်ကြားခံရ

အုပ်ချုပ်ရေးမှူးကို ရာထူးမှဖယ်ရှားပေးရန် ဆန္ဒပြခဲ့သည့် ဦးဆောင်တောင်သူ ၃ ဦး ငြိမ်း၊စု၊စီ ဥပဒေဖြင့် တိုင်ကြားခံရ

မန္တလေး၊ဇူလိုင် ၂၅ ။                   ။ မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးမှဖယ်ရှားပေးရန် ဦးဆောင်ဆန္ဒပြခဲ့ကြသူ ၃ ဦးကို မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့်အရေးယူပေးရန် မတ္တရာမြို့နယ်၊မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့တိုင်တန်းခြင်းကို ဆန္ဒပြခဲ့သည့် ဇူလိုင် ၂၄ ရက်ကပင် တိုင်တန်းထားသည်ကို တိုင်ကြားစာအရ သိရသည်။

ဆန္ဒပြသူများသည် မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ဇူလိုင်လ ၁၉ရက်က အကြောင်းကြားစာ ပေးပို့ထားခဲ့ပြီး အကြောင်းကြားစာထဲက လမ်းကြောင်းအတိုင်းချီတက်ခဲ့ကြသည်ဟု ဦးဆောင်သူ ကိုရဲရင့်အောင်ကဆိုသည်။

"ကျွန်တော်တို့က ဥပဒေနဲ့အညီ အကြောင်းကြားပြီးမှ လုပ်တယ်။ဒါကို အခုလိုလုပ်တယ်။ ကျွန်တော်တို့ကလည်း ဥပဒေအတိုင်းရင်ဆိုင်သွားမယ်"ဟု ကိုရဲရင့်အောင်က ပြောသည်။

မတ္တရာမြို့နယ်အတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ဝင်နေသည့်တောင်သူခေါင်းဆောင်များကို ၂၀၁၇ခုနှစ်၊ဇူလိုင်လ ၁၇ ရက်က မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေက တောင်သူအစစ်များ မဟုတ်ကြောင်း၊ အမှုပွဲစားများဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းကို မကျေနပ်သောကြောင့် အုပ်ချုပ်ရေးမှူးကို ရာထူးမှ ဖယ်ရှားပေးရန် ဇူလိုင်လ ၂၄ ရက်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

မတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်တစ်ဦးက "ဥပဒေမလိုက်နာလို့ အရေးယူဖို့ လုပ်တာပါ"ဟု ပြောသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required