YBS မှာ စပါယ်ရာ မပါရေးမှသည်

YBS မှာ စပါယ်ရာ မပါရေးမှသည်

ဇူလိုင် ၂၀ ရက်ကစပြီး YBS ကားတွေမှာ ယာဉ်နောက်လိုက်တွေ လုံးဝ မရှိရတော့ဘူးတဲ့။ သတင်းစာထဲဖတ်ရတာပါ။ ဒီရက်ပိုင်းထုတ် သတင်းစာတစ်စောင်မှာလည်း မောင်မှန် ကာတွန်းတစ်ပုဒ် တွေ့လိုက်သေးတယ်။ သံတုတ်တွေ၊ ဂျမ်းတုံးတွေ၊ ရိုင်းစိုင်းမှုတွေ သွားကြပေရော့ဆိုတဲ့ သဘောမျိုး ရေးဆွဲထားတာတွေ့ရတယ်။ စပယ်ရာတွေ ညောင်းပေတော့ဆိုတဲ့ သဘောမျိုးပေါ့။

အာဇာနည်နေ့လွန်လို့ နောက်တစ်နေ့ YBS ပေါ်တက်တော့လည်း စပယ်ရာနဲ့ တွေ့ရတာပါပဲ။ (YBS တိုင်းတော့ မဟုတ်ဖူးပေါ့လေ)ဒီလိုဆိုလိုက်တော့ မောင်မှန်က စပယ်ရာတွေအပေါ် အမုန်းတွေ၊ အညှိုးတွေ၊ အာဃာတတွေနဲ့ ရေးလိုက်တယ်လို့ မထင်ကြပါနဲ့ခင်ဗျာ။ မဟုတ်ရပါဘူး။ (တော်ကြာ စပယ်ရာတွေကိုယ့်အိမ့်ရှေ့ ဆန္ဒလာပြရင် ဘယ်လိုလုပ်မလဲ) မောင်မှန်ဟာ ဘယ်သူ့အပေါ်မှာမှ အဲလိုစိတ်တွေ မထားပါဘူး။ ကိုယ့်အပေါ် သူများက ထားရင်တော့ မပြောတတ်ဘူးပေါ့။ ထားနေတယ်ဆိုရင်လည်း မောင်မှန်က သဘောထားကြီးစွာ ခွင့်လွှတ်မှာပါပဲလေ။ ရင်ကြားစေ့ရေး အားလုံးရဲ့ အခြေခံအကျဆုံးမူဟာ လိုက်လျောသည်းခံ ခွင့်လွှတ်ရန်ပဲ မဟုတ်ပါလားခင်ဗျာ။ အရေးအသားက ဘေးနားရောက်သွားတာ ခွင့်လွှတ်ပါ။ မူလပြန်ပါမယ်။

မ.ထ.သ ခေတ်ကတည်းက စလို့ ဘတ်စ်ကားတွေ မကောင်းကြောင်း မောင်မှန် အတော်ရေးခဲ့တယ်။ ခရီးသည်တွေအပေါ် ယာဉ်နောက်လို်က်တွေက ရိုင်းပျစော်ကား ကိုယ်ထိလက်ရောက် ကျူးလွန်တာ၊ ယာဉ်စီးခပိုတောင်းတာ၊ ကားဖိုက်တာ၊ ကားကျောက်ချတာ၊ ဒါတွေကို ပြင်ဆင်စေချင်စိတ်နဲ့ ရေးခဲ့တယ်။ ကားကျပ်တာတို့ ဘာတို့ဆိုတာ အသေးအဖွဲ့လို့ သဘောထားပြီး ထည့်တော့ မရေးဘူး။ ဒီလိုနဲ့ ဘာမှ ပြောင်းလဲချိန်မတန်ဘဲ YBS ဖြစ်လာတယ်။ ကားခ ၁၀၀ ဆိုတာ ပျောက်သွားတယ်။ (YBS အာဏာပိုင်တွေက ပုံသေ ၂၀၀ ကနေ ၁၀၀ ကို ပြန်ဖြေလျှောပေးခဲ့ပေမယ့် ကားဆရာတွေက မရတော့ပါဘူး။ တက်ပြီးစလစ် နံပတ်တစ်ဖြစ်သွားပါတယ်။ (မြို့တွင်းပတ်ကားတွေလောက်ပဲ ၁၀၀ နဲ့ တည်မြဲကျန်ခဲ့တယ်။)

ဒီတော့ YBS ခေတ်မှာ ၁၀၀ လမ်းကို ၂၀၀ ပိုတောင်းစရာမလိုတော့ဘူး။ တရားဝင် ၂၀၀ ရသွားပြီ။ ကားဖိုက်တာ၊ ကားကျောက်ချတာ ရှိတဲ့ကားတွေ ရှိနေတုန်းပဲ။ (တလောကပဲ ပြိုင်အမောင်း အဖိုက်ကောင်းလို့ ကိုးလောင်းပြိုင်ခဲ့ရပါပြီ) အဲ စပယ်ရာကိစ္စကတော့ တစ်ချို့ကားတွေ ဖြုတ်ချလိုက်တော့ အတန်ငယ် သက်သာသွားပါတယ်။

ဒီနေရာမှာ ပြောစရာရှိလာပါပြီ မောင်မှန်အပါအဝင် လိုင်းကားအဆင်မပြေမှုကို ရေးကြတဲ့ စာရေးသူတွေအားလုံးရဲ့ ရည်ရွယ်ချက်ဟာ ကားတွေပေါ်မှာ စပယ်ရာ လုံးဝ မရှိစေရေး မဟုတ်ပါဘူး။ နိစ္စဓူဝ အများပြည်သူနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် ဆက်ဆံမှု ပြေပြစ်ရေး၊ ကားခ ပိုမတောင်းရေးပါပဲ။ သူ့ဘာသူ ကားပေါ်မှာ စပယ်ရာရှိရှိ၊ မရှိရှိ ဆက်ဆံရေး ပြေပြစ်ရေး၊ ကားခပိုမတောင်းရင် ပြီးတာပါပဲ။ 

မောင်မှန်အဓိက ပြောချင်တာကို ရောက်ဖို့ အတော်လေး နောက်ကြောင်းပြန်ခဲ့ရတာ ခွင့်လွှတ်စေချင်ပါတယ်။ (ဒါတွေကလည်း ထပ်လှပါပြီ) ဇူလိုင် ၂၀ ရက်နေ့မှာ YBS မှာ ငွေပုံးတွေသာ ရှိတော့မှာဖြစ်ပြီး စပယ်ရာမရှိရတော့ဘူးဆိုတဲ့ YBS ရဲ့ ကြေညာချက်ဟာ လက်တွေ့မှာ မဖြစ်ခဲ့ဘူးဆိုတာ မောင်မှန် အဓိက ပြောလိုရင်းပါခင်ဗျာ။ ဇူလိုင် ၂၀ ကိစ္စကို ဇူလိုင်လဆန်းပိုင်းမှာ YBS အာဏာပိုင်များ ကြေညာခဲ့လို့ မောင်မှန် သတိထားမိပါတယ်။ အဲသလို ကြေညာတုန်းကလည်း မောင်မှန် အံ့သြခဲ့ရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ YBS ပေါင်းစုံကို အမြဲစီးနင်းနေရတဲ့ မောင်မှန်ဟာ ကားပေါ်မှာ စပယ်ရာမလိုက်ပါရင် မဖြစ်နိုင်သေးတဲ့ ကားတွေကို ထိတွေ့နေရတာကို။ နည်းနည်းလဲ ကြောက်တော့ ကြောက်သွားမိတယ်။ အဲသလို အဆင်မပြေတဲ့ကားတွေကို ယာဉ်လိုင်းက ထုတ်ပါယ်လိုက်ပြီး ရှိတဲ့ကားနဲ့ပဲ ပြေဆွဲမယ်ဆိုရင် မောင်မှန်တို့ ခရီးသွားပြည်သူတွေက သေပြီဆရာ ဖြစ်ပြီလေ။ ဒါကြောင့် ကြောက်မိတာပါ။ (အဲလိုမလုပ်လို့ တော်သေးရဲ့) မထသကနေ YBS ပြောင်းတုန်းကလည်း ယာဉ်လိုင်းတွေ အများကြီး ကားတွေအများကြီးကို ဖြုတ်ပစ်ပြီး အပြည့်အဝ ပြန်အစားထိုးနိုင်ခြင်း မရှိခဲ့တာကိုယ်တွေ့ ခံခဲ့ရပြီးပါပြီ။ (တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်နေတဲ့ သဘောပါ) ။ ထားပါတော့။

သို့ဂလို အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေတွေကို YBS အာဏာပိုင်များ တကယ်မသိလို့ပဲ ဇူလိုင် ၂၀ ကြေညာချက် ထွက်လေသလား၊ ဒါမှမဟုတ် အခြားအခြားသော အကြောင်းတစ်ခုခုကြောင့်များလား၊ ကာယကံရှင်တွေ အသိဆုံး ဖြစ်မှာပါ။ မသိဘဲလုပ်တယ်ဆိုရင်တော့ နောက်ကိုလည်း ဒါမျိုးတွေ ခဏခဏ ကြံရနိုင်ပါတယ်။ ဘတ်စ်ကားမစီးဖူးတဲ့ သူတွေက ဘတ်စကားဆိုင်ရာ မူဝါဒတွေ ချမှတ်နေတယ်လို့ အမျာက ယူဆလာနိုင်ပါတယ်။ အခုတော့ ကြေညာချက်ဟာ မတည်တံ့နိုင်တော့ပါဘူး။ YBS တာဝန်ရှိသူတစ်ဦးက ထပ်ပြောပါတယ်။ ယာဉ်နောက်လိုက်တွေကိစ္စ ဖြေးဖြေးချင်းပဲ ကိုယ်တွယ်သွားပါတော့မယ်တဲ့။ ပြောင်းလဲလိုက်တာကတော့ ခဏခဏပါပဲခင်ဗျာ။

ပြည်သူကိုးယောက် ဆုံးပါးခဲ့ရတဲ့ YBS ယာဉ်တိုက်မှုအပြီးမှာ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောခဲ့ပါတယ်။ ကိုယ်ရကိုယ်ယူစနစ်ကနေ အများပိုင်စနစ်ကို ပြောင်းဖို့ ကန့်လန့်လုပ်နေသူတွေ သတိထားတဲ့။ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ အဲဒီစနစ်တွေကို မောင်မှန်တော့ သိပ်သဘောမပေါက်ပါဘူး။ ဒါပေမဲ့ ကိုယ်ရကိုယ်ယူစနစ်ကြောင့် ကားတွေ ဖိုက်ကြလို့ ယာဉ်တိုက်မှုတွေ ဖြစ်ရိုးမှန်တယ်ဆိုရင်တော့ ကားတွေ မဖိုက်ရတဲ့ စနစ်သစ်တစ်ခုကို မြန်မြန်ပြောင်းပေးပေါ့ခင်ဗျာ။ ဒါမှ ပြည်သူတွေရဲ့ အသက်ဘေးက ကင်းဝေးမှာပါ။

အစိုးရဆိုတာ ဆိုခဲစေ မြဲစေဖြစ်ရပါတယ်။ ရှေ့ရှေ့က စစ်အစိုးရအဆက်ဆက်ကတော့ ဆိုသမျှလည်းမြဲ၊ တကယ်လည်း တွယ်ပါတယ်။ (ဒါကို ကောင်းတယ်လို့ မောင်မှန် ပြောနေတာ မဟုတ်ပါဘူး) YBS လိုကိစ္စမျိုးမှာတော့ ဖြစ်နိုင်ခြေ၊ လိုက်ပါနိုင်ခြေ သေချာရေရာတော့မှ အမိန့်တွေထုတ်၊ ကြေညာချက်တွေထုတ်တာ မကောင်းပေဘူးလား။ ဘယ်သူတွေက အတင်းအကျပ် ဖိအားပေးတောင်းဆိုနေလို့လည်းတော့ မသိဘူးပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အမိန့်အတိုင်း ဖြစ်မလာခဲ့မယ်ဆိုရင်တော့ သိက္ခာကျနိုင်ပါတယ်။ တမင်သိက္ခာကျအောင် အမိန့်မတည်အောင် သြဇာပျက်အောင် ကြံစည်လုပ်ဆောင်နေတဲ့ အင်အားစုတွေ အများကြီး ရှိတယ်ဆိုတာလည်း မောင်မှန် ကောင်းကောင်း သဘောပေါက်ပါတယ်။ မောင်မှန်ဆိုလိုတာ YBS ကိစ္စတင် မဟုတ်ပါဘူး။ အစစအရာရာမှာ စဉ်းစားချင့်ချိန်နိုင်ဖို့ပါ ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags