တောင်တရုတ်အရေး ၀င်စွက်ဖက်တဲ့ ပြင်ပအင်အားစုတွေကို ကန့်ကွက်ဖို့ အာဆီယံနိုင်ငံတွေကို တရုတ် တိုက်တွန်း

တောင်တရုတ်အရေး ၀င်စွက်ဖက်တဲ့ ပြင်ပအင်အားစုတွေကို ကန့်ကွက်ဖို့ အာဆီယံနိုင်ငံတွေကို တရုတ် တိုက်တွန်း

ဇူလိုင် ၂၅ ။                           ။ တောင်တရုတ်ပင်လယ်ပြင် နယ်မြေအငြင်းပွားမှုမှာ ၀င်စွက်ဖက်ဖို့ ကြိုးပမ်းနေတဲ့ ဒေသတွင်းပြင်ပ အင်အားစုတွေကို အာဆီယံနိုင်ငံတွေဘက်က စုပေါင်းကန့်ကွက်ဖို့ လိုတယ်ဆိုပြီး ပေကျင်းအစိုးရက ဇူလိုင် ၂၅ ရက်မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ယခုပြောဆိုချက်မှာတော့ ဒေသတွင်း ပြင်ပ အင်အားစုအဖြစ် အမေရိကန်နိုင်ငံကို တရုတ်တို့ တိုက်ရိုက်ရည်ညွှန်းလိုက်ပုံလည်း ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်တစ်ခုထဲမှာ အထက်ပါအတိုင်း ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အလားတူ လက်ရှိ တရုတ်-ဖိလစ်ပိုင် အကြား ဆက်ဆံမှု ပိုခိုင်မာလာနေတဲ့အကြောင်းလည်း ၎င်းက ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြသွားပါတယ်။ ဖိလစ်ပိုင်အနေနဲ့ကတော့ ကာလကြာ အမေရိကန်ရဲ့ မဟာမိတ်အဖြစ် ရှိနေခဲ့ရာကနေ လက်ရှိသမ္မတ ဒူတာတေးလက်ထက်ကျမှ ၀ါရှင်တန်ကို ဖယ်ခွာကာ ပေကျင်းအစိုးရနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံနေလျက်ရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိ အနေနဲ့ လာမယ့် သြဂုတ်လထဲမှာလည်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ တရုတ်နဲ့အမေရိကန်တို့ပါ တက်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခုမှာ တက်ရောက်မယ်လို့လည်း မျှော်လင့်ရပါတယ်။

လက်ရှိအချိန်မှာ ပေကျင်းအစိုးရနဲ့ မနီလာအစိုးရတို့အကြား ဆက်ဆံရေးနွေးထွေးလာခြင်းကလည်း တောင်တရုတ်ပင်လယ်တွင်း တည်ငြိမ်အေးချမ်းမှုအတွက် အကူအညီဖြစ်စေတယ်လို့လည်း ၀မ်ယိက ဆိုပါတယ်။

" ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်တာကိုမြင်ချင်တဲ့ ပြင်ပအင်အားစုတစ်ချို့ တကယ်လို့ ရှိနေမယ်ဆိုရင် ကျွန်တော်တို့က အတူတကွ ရပ်တည်ကြဖို့ လိုပါတယ်၊ သူတို့ကို မလိုလားဘူးလို့ အတူတကွ ဆန့်ကျင်ကြရပါမယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောသွားတာဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly