YBS ၂၁ ယာဉ်များအားလုံးတွင် မှတ်တိုင်များ အလိုအလျောက်ကြေညာစနစ် ပါရှိတော့မည်

YBS ၂၁ ယာဉ်များအားလုံးတွင် မှတ်တိုင်များ အလိုအလျောက်ကြေညာစနစ် ပါရှိတော့မည်

ရန်ကုန်၊ ဇူလိုင် ၂၅ ။              ။ YBS အများပိုင် ဘတ်စ်ကားစနစ်တွင်း ပြေးဆွဲနေသည့် ၂၁ ယာဉ်လိုင်းရှိ ယာဉ်များတွင် ယာဉ်နောက်လိုက်ကဲ့သို့ မှတ်တိုင်များကို ကြေညာပေးမည့် အလိုအလျောက် စနစ်ကို လာမည့် သြဂုတ်လကုန်တွင် အပြီး တပ်ဆင်သွားမည်ဖြစ်ကြောင်း ၂၁ယာဉ်လိုင်းကို ပြေးဆွဲပေးနေသည့် Power Eleven ကုမ္ပဏီမှ ကိုတရုတ်လေးက ပြောသည်။

“လွန်ခဲ့တဲ့ နှစ်လနီးပါးကတည်းက စမ်းသပ်ကာလအနေနဲ့ သုံးစွဲခဲ့တာ ရာနှုန်းပြည့်နီးပါး အဆင်ပြေခဲ့ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ၂၁ ယာဉ်အားလုံးမှာ တပ်ဆင်ဖို့ ဖြစ်လာတာပါ”ဟု ကိုတရုတ်လေးက မဇ္စျိမကို ပြောသည်။

အဆိုပါစနစ်သည် ယာဉ်လိုင်းပြေးဆွဲသည့် တည်နေရာရှိ GPS Position များကို မှတ်သားနိုင် မည်ဖြစ်ပြီး ယာဉ်စတင်ထွက်ခွာချိန်တွင် ရှေ့ရပ်မည့် မှတ်တိုင်ကို ကြိုတင်ကြေညာပေးပြီး ရပ်မည့်မှတ်တိုင် မရောက်ခင် ပေ ၂၀၀ခန့် အလိုတွင် ထပ်မံကြေညာပေးမည် ဖြစ်သည်။

၂၁ ယာဉ်လိုင်းရှိ ယာဉ်များ အားလုံးတွင် Automatic Bus Stop Announcer(အလိုအလျောက် မှတ်တိုင် ကြေညာပေးသည့်စနစ်) ပါ၀င်သည့် စက်ကို တပ်ဆင်သွားမည် ဖြစ်ပြီး အဆိုပါစက်များကို Spring Technologies and Systems Co.Ltd မှ  တာဝန်ယူတပ်ဆင်ပေးသွားမည်ဖြစ်သည်။

ယာဉ်လိုင်းမှ ခရီးသည်များ သိစေလိုသည့် အကြောင်းအရာများကို ကြိုတင်အသံသွင်းထားနိုုင်ပြီး လိုအပ်ပါက ယာဉ်မောင်းက မိုက်ခရိုဖုန်းဖြင့်ကြေညာနိုင်ရန် စီစဉ်ထားကြောင်း Spring Technologies and Systems Co.Ltdမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA)၏ ထုတ်ပြန်ချက်နှင့် အညီ ယာဉ်များတွင်  ခရီးသည်များ ငွေအကြွေလဲလှယ်နိုင်မည့် ငွေထည့်ပုံးများတပ်ဆင်ရမည်ဖြစ်၍ ခရီးသည်များအဆင်ပြေစေရန်နှင့် မှတ်တိုင်သိစေရန် ယင်းစနစ်တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် YBS ၂၁ ယာဉ်လိုင်းအား Power Eleven အများပိုင်ကုမ္ပဏီမှ ယာဉ်အစီးရေ ၁ဝဝ ကျော်နှင့် ခေတ် သစ်ဘုရင့်နောင်အများပိုင်ကုမ္ပဏီမှ ယာဉ်အစီးရေ ၁၅ဝ ခန့်တို့ဖြင့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် (ထန်းတပင်) မှ မော်တင်သို့ ပြေးဆွဲပေးလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required