ကျန်ရှိနေသော ကမ္ဘာ့လှည့်ဖျော်ဖြေပွဲများကို ဂျက်စတင်ဘီဘာဖျက်သိမ်း

ကျန်ရှိနေသော ကမ္ဘာ့လှည့်ဖျော်ဖြေပွဲများကို ဂျက်စတင်ဘီဘာဖျက်သိမ်း

ဂျက်စတင်ဘီဘာသည် Purpose ဟု အမည်ပေးထားသော သူ၏ကမ္ဘာလှည့်ဖျော်ဖြေပွဲ အစီအစဉ်အတွင်း နိုင်ငံကြီးများမှ မြို့ကြီးအချို့တွင် ဆက်လက်ဖျော်ဖြေရန် ကျန်ရှိနေသေးသော်လည်း အခြေအနေအကြောင်း အမျိုးမျိုးကြောင့် အစီအစဉ်ဖျက်သိမ်းခဲ့ရကြောင်း သူ၏ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် အာရှနှင့် မြောက်အမေရိကားတွင် လာမည့်သုံးလအတွင်း ဖျော်ဖြေရန်စီစဉ်ထားသော ပွဲပေါင်း ၁၄ပွဲ ခန့်ကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

ဂျက်စတင်ဘီဘာသည် Purpose ကမ္ဘာလှည့်ဖျော်ဖြေပွဲကို လွန်ခဲ့သော ၂၀၁၆ခုနှစ် မတ်လကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ရှိုးပွဲပေါင်း ၁၅၀ကျော်ခန့် ဖျော်ဖြေခဲ့ပြီးပြီ ဖြစ်သည်။

ထိုကမ္ဘာလှည့်ဖျော်ဖြေပွဲမှ ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၉၃.၂သန်းခန့် ၀င်ငွေရရှိခဲ့ပြီး ရှိုးပွဲတစ်ပွဲတွင် ပျှမ်းမျှအားဖြင့် လက်မှတ်အရေအတွက် ၄၀၀၀၀ နီးပါးခန့် ရောင်းချနိုင်ခဲ့သည်။

ယခုလို ဖျက်သိမ်းလိုက်သည့် ဆုံးဖြတ်ချက်နှင့်ပက်သက်၍ ဂျက်စတင်ဘီဘာက လူမှုကွန်ယက်များ၌ မှတ်ချက် ပေးထားခြင်းမရှိသေးကြောင်း သိရသည်။

သို့သော်လည်း သူ၏ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော ကြေညာချက်၌ “ ဂျက်စတင်ဟာ သူ့ရဲ့ ပရိသတ်များကို ချစ်ခင်ပြီး သူတို့ကို စိတ်အနှောင့်အယှက်ပေးရမှာကို အလွန်မုန်းတဲ့သူဖြစ်ပါတယ်။ သို့သော် လည်း သေသေချာချာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အရ သူဟာ ကျန်ရှိနေသေးတဲ့ ရှိုးပွဲတွေကို ဖျော်ဖြေမှာမဟုတ် တော့ပါဘူး။ ၀ယ်ယူထားတဲ့ လက်မှတ်တွေကို   ငွေပြန်အမ်းသွားမှာဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။

ဂျက်စတင်ဘီဘာ ဖျော်ဖြေရန် ကျန်ရှိနေသေးသော ရှိုးပွဲများမှာ အမေရိကန်၊ ဂျပန်၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ မြို့ကြီးများ၌ စီစဉ်ထားသော ပွဲများဖြစ်ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required