မင်္ဂလာတောင်ညွှန့်တွင် ဇူလိုင်လအတွင်း ပထမဦးဆုံးအကြိမ် မီးလောင်မှု ဖြစ်

မင်္ဂလာတောင်ညွှန့်တွင် ဇူလိုင်လအတွင်း ပထမဦးဆုံးအကြိမ် မီးလောင်မှု ဖြစ်
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇူလိုင်၂၅ ။                ။ ယနေ့  ဇူလိုင်လ ၂၅ ၊ မနက်မီးလောင်မှုမှာ ဇူလိုင်လအတွင်း မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ပထမဦးဆုံးအကြိမ်မီးလောင်မှုဖြစ်ကြောင်း အဆိုပါမီးလောင်မှုတွင် ပါဝင်ငြိမ်းသတ်ခဲ့သူ သင်္ဃန်းကျွန်းမီးသတ်တပ်ဖွဲ့မှ ဒုကြီးကြပ်ကိုကျော်ဇင်သက်က ပြောသည်။

Level 2 အဆင့်ရှိသည့် မီးလောင်မှုတစ်ခုသည် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်တွင် ယနေ့ ဇူလိုင်၂၅ မနက် ၁၀နာရီခွဲ၌ ဖြစ်ပွားခဲ့သည်။

Level 2 အဆင့် ဖြစ်သောကြောင့် မီးသတ်ကားအစီး နှစ်ဆယ်ပါဝင်ငြိမ်းသတ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမီးသတ်တပ်ဖွဲ့မှ ဒုကြီးကြပ်ကိုကျော်ဇင်သက်က ပြောပြသည်။

"ဒီလထဲမှာတော့ (မီးလောင်မှု)တစ်ကြိမ်မှ မဖြစ်ဖူးသေးဘူးဗျ ။အခုမှပြန်ပြီးတော့ ဖြစ်တာပေါ့ဗျ ဒီဘက်ခြမ်းမှာလည်း အရမ်းကြီး မဖြစ်ဖူးဘူး၊ အကြမ်းဖျဉ်းကတော့ (အိမ်ခြေ)ငါးလုံးလောက်တော့ ပါမယ်ထင်တာပဲ"ဟု သင်္ဃန်းကျွန်းမီးသတ်တပ်ဖွဲ့မှ ဒုကြီးကြပ်ကိုကျော်ဇင်သက်က ပြောသည်။

ယနေ့ မနက် ၁၀ နာရီခွဲမှာ စတင်လောင်ခဲ့တဲ့မီးကို ၁၀ နာရီ ၄၈ မိနစ်အချိန်မှာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တရားဝင်ထုတ်ပြန်ထားသည်။

မီးလောင်ကျွမ်းရာမှာ အိမ်ခြေ၅လုံးပါဝင်ကြောင်း ခန့်မှန်းရပြီး ကျီတော်ရပ်ကွက်၏ မီးရထားရဲဝန်ထမ်းလိုင်းခန်း၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကိုကျော်ဇင်သက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required