စစ်တုရင်ထိုးကြတဲ့ ကဗျာဆရာများ

.

အရှေ့ဥရောပဒေသ၊ နိုင်ငံတချို့ရဲ့ သမိုင်းရေးဖြစ်ပေါ်တိုးတက်မှုဟာ ကျနော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုနဲ့ မနီးရိုးစွဲဖြစ်ကြပါတယ်။

အဲဒီ ဒေသကနိုင်ငံတချို့ဟာ ကျနော်တို့နိုင်ငံလိုပဲ တစ်ပါတီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို အချိမဆန့်ခံကြရပါတယ်။ ဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုမှတ်တိုင်တွေ၊  အဖွဲ့အစည်းတွေဆိုတာဟာ တကမ္ဘာလုံးရဲ့ အာရုံစိုက် လေးနက်မှုကိုရယူနိုင်ခဲ့ကြပါတယ်။ ဥပမာ ပိုလန်နိုင်ငံက “ချာတာ၇၇”လှုပ်ရှားမှု၊ ချက်ကိုစလိုဗေးကီးယားနိုင်ငံရဲ့ “ပရပ်နွေဦး” လှုပ်ရှားမှုတွေဟာ လေးစားရလောက်တဲ့ လွတ်မြောက်ရေးသမိုင်းမှတ်တိုင်တွေ ဖြစ်ကြပါတယ်။

ဒီဒေသထဲကပဲ …၊ ရူမေးနီးယားနိုင်ငံရဲ့မှတ်တိုင်တစ်ခုကတော့၊ ရူမေးနီးယား ပြည်သူတွေဟာ အာဏာရှင်ကြီး “ချောင်ဆက် စကူ”နဲ့ သူ့ဇနီးကို ကြိုးပေးပြစ်ဒဏ်ခတ်တဲ့အထိ ဒေါသမီးလျံ တဟုန်းဟုန်းတောက်လောင်ခဲ့ကြတဲ့ မှတ်တိုင်ပါပဲ။

ရူမေးနီးယားနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ၁၉၅၀ နဲ့ ၁၉၇၀ ခုနှစ်အကြား နှစ် (၂၀)၀န်းကျင်ကာလဟာ စိတ် ၀င်စားဖို့ကောင်းတာတွေ တွေ့ရပါတယ်။

ကျနော်က ကဗျာချစ်သူဖြစ်တော့ကာ အဲဒီနှစ် (၂၀) ၀န်းကျင် ကာလ၊ (ရူမေးနီးယား စာပေလောက၊ ကဗျာလောကနဲ့ ရူမေးနီးယားကဗျာဆရာတွေရဲ့ အခြေအနေကိုပဲ ရွေးချယ်လေ့လာမိပါတယ်။

ဒီနေရာမှာလည်း ရူမေးနီးယားစာပေဖြစ်ထွန်းမှုနဲ့ မြန်မာစာပေဖြစ်ထွန်းမှုဟာ အဲဒီနှစ် (၂၀)ကာလအတွင်း တခုနဲ့တခု ဆင်တူနေတာကို သွားတွေ့ ရပါတယ်။ ၁၉၅၀ - ခုနှစ်တ၀ိုက်တုန်းက   မြန်မာစာပေနယ်ပယ်မှာ ထင်ရှားတဲ့စာပေလှုပ်ရှားမှု တစ်ခု ပေါ်ခဲ့ပါတယ်။ ဆရာဒဂုန်တာရာရဲ့ “စာပေသစ်”လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်လှုပ်ရှားမှုရဲ့ အဓိကအယူအဆက “စာပေဟာ လူထုအတွက်ဖြစ်ရမယ်”ဆိုတဲ့ ဆိုရှယ်လစ်စာပေအယူအဆပဲ ဖြစ်ပါတယ်။ ဒီအယူအဆအပေါ်ရပ်တည်ပြီး လူငယ်စာပေသမားတွေ ထင်ရှားလာခဲ့ပါတယ်။ “ဗန်းမော်တင်အောင်” “ မြသန်းတင့် ” “ကြည်အေး”တို့ ထင်ရှားခဲ့ကြပါတယ်။

၁၉၅၀ - ၀န်းကျင်ကာလ ရူမေးနီးယားစာပေမှာလည်း ထူးခြားချက်ရှိပါတယ်။ စတာလင်ခေတ်အမြီးပိုင်းကိုဖြတ်သန်း နေရတာမို့ စာပေစီစစ်ရေးတင်းကြပ်မှုကြောင့် ဆိုဗီယက်အင်ပါယာရဲ့ အရံနိုင်ငံတစ်ခုဖြစ်တဲ့ ရူမေးနီးယားနိုင်ငံက ကဗျာဆရာ တွေဟာ ကဗျာတွေ၊ ကဗျာစာအုပ်တွေ ပုံနှိပ် ထုတ်ဝေဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၀ နားနီးလာတော့ ရူမေးနီးယားတစ်ပါတီအစိုးရဟာ အင်အားချိနဲ့နေခဲ့ပါပြီ။

ဆိုဗီယက်ဗဟိုချုပ်ကိုင်မှုဟာလည်းပြိုလဲလုနီးလာပြီ။ ဆိုဗီယက်အင်ပါယာရဲ့ အရံနိုင်ငံငယ်တခုအဖြစ် သာ ရပ်တည်လာခဲ့ရတဲ့ ရူမေးနီးယားနိုင်ငံရဲ့ မိုးကောင်းကင်ဟာ မိုးသားကင်းစင်စပြုလာခဲ့ပါပြီ။ ၁၉၆၄  ခုနှစ်ထဲမှာတော့ ရူမေးနီးယားအာဏာရှင်အစိုးရဟာ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ထောင်တွေထဲက လွှတ်ပေးလာရတဲ့အထိ ရူမေးနီးယားပြည်သူတွေရဲ့ဒီမိုကရေစီရေးအုံကြွမှုဟာ အင်အားကောင်းလာခဲ့ပါတယ်။

ဒီလိုနိုင်ငံရေးဂယက်က စာပေကိုလည်းမလွဲမသွေရိုက်ခတ်တော့တာပေါ့။ စတာလင်ခေတ်အမြီးပိုင်း ၁၉၅၀ ခုနှစ်လွန်နှစ် တွေတုန်းက မီးခဲပြာဖုံး ဖြစ်နေခဲ့ရတဲ့ ရူမေးနီးယားကဗျာ နယ်ပယ်ဟာ ဒီအချိန်မှာတော့ ရုတ်တရက် ပန်းမျိုးစုံဖူးပွင့်တဲ့ ဥယျာဉ်တခုလို ဖြစ်လာခဲ့ပါတယ်။ ကဗျာဆရာ “ဘာဘူ၊ ဘလာဂါ ”နဲ့ “ဘွိုင်ဘူလက်စကူ”အစရှိတဲ့ ကဗျာဆရာတွေဟာ ရုတ်တရက်ပွင့်သွားတဲ့စာပေစီစစ်ရေး အခြေအနေကို ကောင်းကောင်းကြီးအသုံးချပြီး ကဗျာတွေရေးကြပါတယ်။ “ရူမေးနီးယားစာပေသစ်” လှုပ်ရှားမှုကြီးအဖြစ် တွန်းတင်ကြပါတယ်။ အတတ်ပညာနဲ့ အကြောင်းအရာနှစ် ခုစလုံးသစ်ဖို့ကြိုးစားကြတာပါပဲ။

ဒီ စာပေသစ်လှုပ်ရှားမှုကို လူငယ်ကဗျာဆရာတွေကပဲခေါင်းဆောင်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ကဗျာဆရာတွေ ကတော့ “အိုအိုက် အလက်ဇ်ဒဂူ” “အင်နာဘလန်ဒီယာနာ” “အော်စတန်တာ ဘူဇီယာ” “နီချီတာ စတန်တက်စကူ”နဲ့ “မာရင်းဆိုရက်စကူ” တို့ဖြစ်ကြပါတယ်။

 ဒီလိုနဲ့ ၁၉၇၀ - ခုနှစ်ကြတော့ ရူမေးနီးယား စာပေသစ်လှုပ်ရှားမှုဟာ ကြီးထွားပျံ့နှံ့လာခဲ့ပါတော့တယ်။

 မြန်မာကဗျာနယ်ပယ်မှာလည်း အဲဒီ နှစ်ပေါင်း (၂၀)အတွင်း“စာပေသစ်” လှုပ်ရှားမှုပြီးတဲ့နောက် “မိုးဝေ စာပေလှုပ်ရှားမှု”ဆိုတာ ဖြစ်လာပါတယ်။ ကဗျာဆရာတွေဟာ အတတ်ပညာအရ၊ အကြောင်းအရာအရ၊ တစုံလုံး ပြောင်းလဲဖို့ ကြိုးစားကြတဲ့ ကဗျာလှုပ်ရှားမှုကို တက်တက်ကြွကြွလုပ်ကြပါတယ်။ ထင်ရှားတဲ့ကဗျာဆရာ တွေထဲမှာ “မောင်လေးအောင်” နဲ့ “မောင်းသင်းခိုင်”တို့ဟာ ရှေ့တန်းကရှိခဲ့ကြပါတယ်။

၁၉၅၀ - နဲ့ ၁၉၇၀ - ခုနှစ်ဝန်းကျင်၊ နှစ် (၂၀)ကာလတလျှောက် ရူမေးနီးယားနဲ့ မြန်မာကဗျာ နယ်ပယ်ကိုသုံးသပ်ကြည့်ရင် ကဗျာဆရာတွေဟာ၊ အုပ်စိုးသူအဆက်ဆက်၊ ဖိနှိပ်သွေးစုတ်ချယ်လှယ်သူ အဆက်ဆက်နဲ့ စီးချင်းထိုးနေခဲ့ကြတဲ့ သဘောရှိပါတယ်။ ကဗျာဆရာတွေဟာ။ အချိန်အခါနဲ့ အခြေအနေအပေါ်ကြည့်ပြီး၊ ကဗျာသစ်လှုပ်ရှားမှုတွေကို ဖန်တီးကြ၊ ကဗျာတွေနဲ့ လူထုရဲ့စိတ်ဓါတ်မြှင့်တင် ရေးကိုကြိုးပမ်းကြ၊ အုပ်စိုးသူအစိုးရအဆက်ဆက်ကို ထိုးနှက်တိုက်ခိုက်ကြနဲ့ ကဗျာနယ်ပယ်ရဲ့ အရေးပါမှုဟာ လေးနက်ခဲ့ရပါတယ်။

ကဗျာဆရာတွေဟာ ဖိနှိပ်သွေးစုပ် အုပ်ချုပ်သူအဆက်ဆက်နဲ့ အမောမပမ်းနိုင်သောညဏ်ရည်ချင်း ယှဉ်ပြိုင်ကြရတာလည်း ရှိပါတယ်။ တင်းကြပ်လှတဲ့ စာပေကင်ပေတိုင်တွေရဲ့ရှေ့က   ခြေသံဖျောက်လို့တမျိုး သွားလာပုံနည်းပြောင်းလို့တမျိုး အတတ်ပညာရေးအသစ်တွေ ဖန်တီးကြရပါတယ်။ စာပေကင်ပေတိုင်တွေ လက်လှမ်းမမီတဲ့ သင်္ကေတအသစ်၊ နိမိတ်ပုံအသစ်တွေကို အသုံးပြုကြရပါတယ်။ အဲဒီနည်းကိုသုံးပြီး လူထုရှေ့ကရပ်ပြီး ရှေ့နေလိုက်ခဲ့ကြရတာမျိုး အုပ်စိုးသူရဲ့အရှိုက်ကို ထိုးနှက်ကြရတာမျိုးတွေ ဆက်တိုက်လုပ်ကြရပါတယ်။

အဲဒီ ၁၉၅၀ -နဲ့ ၁၉၇၀ - ခုနှစ်အကြား နှစ် (၂၀)၀န်းကျင်အတွင်း ရူမေးနီးယားကဗျာဆရာတွေနဲ့ မြန်မာ ပြည်ကကဗျာဆရာတွေ၊ ဘယ်လောက်အထိ ရင်ခုန်သံနရီချင်းထပ်တူကျ ခဲ့ကြသလဲဆိုရင် ရူမေးနီးယား ကဗျာဆရာ “မာရင်းဆိုရက်စကူ” နဲ့ မြန်မာကဗျာဆရာ“မောင်လေးအောင်”တို့ရဲ့ ကဗျာနှစ်ပုဒ်ကိုကြည့်ရင် သိနိုင်ကြမှာပါ။

 “မာရင်းဆိုရက်စကူ” က “စစ်တုရင်ထိုးခြင်း”ခေါင်းစဉ်နဲ့ ကဗျာတပုဒ်ရေးခဲ့သလို၊ “မောင်လေးအောင်”ကလည်း “နစ်ဆင် နှင့်စစ်တုရင်ထိုးခြင်း”ကဗျာကိုရေးပါတယ်။ နှစ်ဦးစလုံး ခေါင်းစဉ်ပေးပုံ တူကြတဲ့အပြင် ရပ်တည်ချက်ချင်းတူကြတာကိုလည်း တွေ့ကြရပါတယ်။

 ဒီနေရာမှာ“မောင်လေးအောင်”က၊ မိုးဝေမဂ္ဂဇင်းမှာရေးခဲ့တဲ့ “နစ်ဆင်နှင့်စစ်တုရင်ထိုး ခြင်း” ကဗျာကို ကျွန်တော့်ဆီမှာ အဆင့်သင့်မရှိတဲ့အတွက် မဖေါ်ပြနိုင်ပေမယ့်၊ ရူမေးနီးယားကဗျာဆရာ “မာရင်း ဆိုရက်စကူ” ရဲ့ “စစ်တုရင်ထိုးခြင်း”ကဗျာကိုတော့ ဘာသာပြန်ဖေါ်ပြပေးလိုက်ပါတယ်။

စစ်တုရင်ထိုးခြင်း

ငါက အဖြူရောင် နေ့တနေ့ကိုရွှေ့တော့

သူက အနက်ရောင် နေ့တနေ့ကိုရွှေ့တယ်။

ငါက အိမ်မက်တခုနဲ့ ရှေ့ကိုတက်တော့

သူက စစ်ပွဲတခုဖြစ်အောင် ဖန်တီးလိုက်တယ်။

သူက ငါ့ရဲ့အဆုပ်ကို တိုက်ခိုက်လိုက်တော့

ငါထင်တယ်…ငါ့မှာ၊ တနှစ်နီးပါးဆေးရုံတက်ခဲ့ရ။

ငါက အင်မတန်ကောင်းမွန်တဲ့ စေ့စပ်မှုတခုဖန်တီးပြီး

အနက်ရောင် နေ့တနေ့ကို နိုင်လိုက်တော့

သူက ကင်ဆာရောဂါနဲ့ ငါ့ကိုခြိမ်းခြောက်လိုက်ပြန်တယ်။

ဒါပေမယ့် ငါက…၊ သူ့ရှေ့မှာစာအုပ်တအုပ်ချထားလိုက်တော့

သူက မတတ်သာလို့ဆုတ်ခွာ။

ငါက အစိတ်အပိုင်းအချို့ကို နိုင်လိုက်တော့

ကြည့်စမ်း ငါ့ဘ၀ တခြမ်းလုံးဆုံးရှုံးလိုက်ရ။

 “အကယ်၍ ... ငါက မင်းကိုပိတ်ဆို့ထားမယ်ဆိုရင် မင်းရဲ့ ထင်မြင်ချက်တွေကို မပြောနိုင်တော့ဘူးပေါ့”လို့ သူကပြောတယ်။

“ဒါလောက်တော့ မှုစရာမဟုတ်ပါဘူး”လို့ ငါက ရယ်စရာလုပ်ပစ်လိုက်တယ်။

“ငါ့ခံစားချက်ကို ငါကောင်းကောင်းကြီး ထိန်းရလိမ့်မယ်”လို့ ငါပြန်ပြောလိုက်တယ်။

ငါ့ဇနီး ငါ့သားသမီး “နေ နဲ့ လ”

ပြီးတော့ ပွဲကြည့်ပရိတ်သတ်ဆိုတာ

ငါ့နောက်မှာ

ငါ့လှုပ်ရှားမှု ဟူသမျှ စိတ်လှုပ်ရှားစွာ

စောင့်ကြည့်နေကြ။

ငါ… စီးကရက်တလိပ်မီးညှိတယ်

စစ်တုရင်ဆက်ပြီးထိုးတယ်။

ငြိမ်းဝေ( ကဗျာအိုးဝေ )

ကိုးကား။ ။ AN ANTHOLOGY OF CONTEMPORARY ROMANIAN POETRY