မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ ဆိုလျက် သေဒဏ်ပြန်လည်ပြဌာန်းပေးရန် အမတ်များအား ဒူတာတေး တိုက်တွန်း

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ ဆိုလျက် သေဒဏ်ပြန်လည်ပြဌာန်းပေးရန် အမတ်များအား ဒူတာတေး တိုက်တွန်း

မနီလာ၊ ဇူလိုင် ၂၅ ။                        ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲဆိုကာ သေဒဏ်အပြစ်ပေးခြင်းများ အတည်ပြုပေးရန် ဥပဒေပြုအမတ်များအား တိုက်တွန်းလိုက်ပြီး ၄င်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲကို မဆုတ်မနစ် ဆက်လက်ဆင်နွှဲသွားမည်ဟု ဇူလိုင် ၂၄ ရက်က သံန္ဒိဌာန်ချ ပြောဆိုသည်။

ဒူတာတေး၏ မူးယစ်စစ်ပွဲတွင် လူထောင်ပေါင်းများစွာ သေဆုံးနေခြင်းကြောင့် နိုင်ငံတကာက ဖိအားပေးဝေဖန်လျက်ရှိနေသည်။

ဒူတာတေးက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာတွင် ၄င်း၏ ဥပဒေစိုးမိုးရေး မူဝါဒများနှင့် ပတ်သက်ကာ တွန်းတင်ပြောဆိုခဲ့သည်။ ဖိလစ်ပိုင် ပြည်သူများကြား အလွန်လူကြိုက်များစေသော ၄င်း၏ မူဝါဒများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးအုပ်စုများနှင့် အခြားတက်ကြွလှုပ်ရှားသူများက ရှုတ်ချဝေဖန်လျက်လည်းရှိနေသည်။

“ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲကြာကြာ။ တရားမဝင် မူးယစ်ဆေးဝါး တိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ပြဿနာရဲ့ ဇစ်မြစ်ဖြစ်ပြီး အတိဒုက္ခ ကပ်ဘေးလုံးလုံးဖြစ်နေလို့ပဲ။”ဟု ဒူတာတေးက လွှတ်တော်နှစ်ရပ်စလုံးမှ အမတ်များအား ပြောသည်။

လွှတ်တော်၌ အဆိုပါ မိန့်ခွန်းပြောဆိုရာတွင် သေမိန့်အပြစ်ဒဏ်ကို ပြန်လည်အသက်သွင်းရန် အမတ်များအား ဒူတာတေးက တိုက်တွန်းသည်။

“ကျွန်တော် လွှတ်တော်ကို တိုက်တွန်းပါရစေ။ အလွန်စက်ဆုပ်ဖွယ် မူခင်းတွေ အထူးသဖြင့် တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွေမှာ သေဒဏ်အပြစ်ပေးနိုင်အောင် ဥပဒေ ပြန်ရေးဆွဲပြဌာန်း   ပေးဖို့အတွက်ပါပဲ။”ဟု ၄င်းက ပြောခဲ့သည်။

လူထောင်သောင်းချီ စတေးပြီး မကြံုဖူးသည့် မူးယစ်နှိမ်နင်းရေး စစ်ပွဲကို ဆင်နွှဲမည် ကတိပေးချက်ဖြင့် ပြီးခဲ့သည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဒူတာတေးက ရွေးကောက်ပွဲ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဒူတာတေး၏ ပြီးခဲ့သည့်နှစ် ဇွန် ၃၀ ရက် သမ္မတရာထူး လက်ခံပြီးချိန်မှစကာ စတင်ဆင်နွှဲခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲအတွင်း လူပေါင်း ၃၂၀၀ နီးပါး သေဆုံးကြောင်း ရဲအစီရင်ခံစာက   ဖော်ပြသည်။

မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် မူခင်းများကြောင့် သေဆုံးသူပေါင်းမှာ ၂၀၀၀ ကျော်ထက်မနည်းရှိသည်ဟုလည်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးမှု အများစုသည် အစိုးရနှင့် ပတ်သက်သော လက်မရွံ့သေမင်းတမန်တပ်ဖွဲ့များ၏ လက်ချက်ဖြင့် အသတ်ခံရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးအုပ်စုများက ဆိုပြီး ဒူတာတေးသည် လူသားချင်းစာနာမှုကို မျက်ကွယ်ပြုထားလျက် ရာဇဝတ်မှုတစ်ရပ်ကို ကြီးကြပ်ကွပ်ကဲနေပုံဖြစ်နေကြောင်း ပြောကြသည်။

အနည်းဆုံး နှစ်နာရီကျော်ကြာသည့် အဆိုပါ မိန့်ခွန်းပြောဆိုမှုတွင် ဒူတာတေးက ကုလသမဂ္ဂတာဝန်ရှိသူများ၊ ယခင်အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားနှင့် အရေးပါသော ပြည်တွင်းမီဒီယာ အဖွဲ့အစည်းများ စသည့် ၄င်းအား ဝေဖန်သူများကိုလည်း ပြန်လည်ထိုးနှက် ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် သြဇာကြီးသည့် ကက်သလစ်ဘုရားကျောင်း၏ စည်းရုံးမှုဖြင့် ၂၀၀၆ ခုနှစ်အတွင်က သေဒဏ်အပြစ်ပေးခြင်းကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly