ရွေးကောက်ပွဲရက် နည်းနည်းရွှေ့မလား

ရွေးကောက်ပွဲရက် နည်းနည်းရွှေ့မလား

ဇူလိုင်လလယ်ကစပြီး ရွာလိုက်သည့်မိုး၊ အညှိုးကြီးခဲ့သည်၊ အရှိန်ကောင်းခဲ့သည်။ ဇူလိုင်လကုန်တွင် ဘင်္ဂလားပင်လယ်အော်က ကိုမန်ဆိုင်ကလုန်း မုန်တိုင်းသည် ဝင်မလိုလို/ မဝင်သလိုလိုနှင့် အယောင် ပြပြီးနောက်မှာ ပြည်မြန်မာကို အဖျားခတ်လိုက်လေသောအခါ မိုးကြီးရေကြီးပြီး ဆည်တွေလည်း ရေ ဝလွန်ခဲ့ကာ ရေများဖောက်ချခဲ့ရသည်။ မြစ်ချောင်းများတွင် ရေများ ပြည့်လျှံကုန်ပြီး သြဂုတ် ၇ ထုတ်ပြန်ချက်များအရ ရေဘေးသင့်သူ သုံးသိန်းသုံးသောင်း ကျော်သွားပြီး ရေဘေးကြောင့် ကွယ်လွန်သူက ၈၈ ဦးအထိ ရှိခဲ့ပြီဖြစ်သည်။

မြန်မာတစ်ပြည်လုံးနီးပါးရေမြုပ်နေလေသည်။ သြဂုတ် ၅ အထိ စာရင်းများအရ စိုက်ခင်းပေါင်း လယ်ဧကသုံးသန်းကျော်(သုံးသိန်း မဟုတ်ပါ)ရေဝင်ရေမြုပ်သွားပြီး ပျက်စီး/ ပြိုကျသည့်လယ်ဧကနှစ်သိန်းကျော် ရှိသည်။ ပြိုကျ/ ပျက်စီးသည့် ဆည်က ၂၀၀ ကျော်ရှိပြီး တံတား ၂၀ ကျော် ပျက်စီး/ ပြိုကျခဲ့သည်။ အိမ်ပေါင်း တစ်သိန်းနီးပါး ရေမြုပ်သွားပြီး အိမ်ပေါင်း သောင်းနှင့်ချီ ပြိုကျ/ ပျက်စီးခဲ့ သည်။

ရေဘေးသင့်ပြည်သူများမှာကား  အကြီးအကျယ် ဒုက္ခတွေ့ရသည်။ ရေဘေးဒုက္ခသည်များကို အလျှင်ဆုံး ကူညီကြသူများမှာ လူငယ်ပရဟိတသမားများ ဖြစ်ကြ သည်။ ချက်ချင်းဆိုသလို နီးစပ်ရာမှ အလှူငွေနှင့် ရေဘေးသင့်ပြည်သူများ လိုအပ်မည့် အစား အသောက်နှင့် အသုံးအဆောင်များကို စုဆောင်းပြီး ရေဘေးသင့်ဒေသများသို့ ပြေးလွှားသွားရောက် ကူညီကြသည်၊ အားပေးကြသည်။

ဒုက္ခရောက်သူများနှင့် တစိတ်တည်းတဝမ်းတည်းရှိကြောင်း သူတို့ပြဆိုခဲ့ကြသည်။ သူတို့သည် အစိုးရလည်း မဟုတ်ပါ၊ လွှတ်တော်အမတ်လည်း မဟုတ်ပါ၊ နိုင်ငံရေးသမားလည်း မဟုတ်ပါ။ တာဝန် သိပြည်သူ စေတနာ့ဝန်ထမ်းလူငယ်များသာ ဖြစ်ပါသည်။

အစိုးရနှင့်စစ်တပ်သည် အနည်းငယ်နောက်ကျပြီးမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ကြသည်။ ယခုအခါတွင်တော့ နိုင်ငံတကာမှ အလှူရှင်များအပါအဝင် အစိုးရရော၊ ပြည်သူရော လူတကာ ကပါ အလှူငွေများ ကောက်ခံခြင်း၊ ရေဘေးသင့်ဒေသများသို့ သင့်သလို နှိုင်းချိန်တွက်ချက် ပြီး ပေးပို့ခြင်း၊ လိုအပ်ရာဒေသများတွင် အကူအညီများ ရရှိ/ ရောက်ရှိစေရန် သတင်းစကားများ ဝေငှ ခြင်းတို့ကို ဆက်သွယ် ချိတ်ဆက်လုပ်ဆောင်နေကြသည်။ တက်ကြွလှုပ်ရှားသူများရော အနုပညာရှင်များရော အားကစားသမားများအပြင် လူငယ်တော်တော်များများက နီးစပ်ရာအစုအဖွဲ့များဖြင့် ကူကြ၊ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကြသည်။

ရေဘေးသည် မြန်မာတို့ကို ပြန်လည်စုစည်းပေးလိုက်သည့် သဘောဖြစ်သည်၊ ကောင်းသည်။ သို့သော် အဆိုပါစုစည်းမှုသည် ထုံးစံအတိုင်း ခဏတွင်းချင်း သို့မဟုတ် တဖြည်းဖြည်းချင်း ပြန်လည် ကျဆင်း ယုတ်လျော့သွားမည် ဖြစ်သည်။ ဤသည်မှာလည်း သဘာဝကျသည်မို့ ထူးပြီး ပြောစရာ မလိုပါ၊ အပြစ်တင်စရာ မလိုပါ။ ရေဘေးသည် ရေပြန်ကျသွားပြီးနောက်တွင် အဆုံးသတ်မည် ဖြစ် သော်လည်း မူလအခြေအနေသို့မူ ခဏတွင်းချင်း ပြန်ရောက်မည်မဟုတ်ပါ။ ကျန်းမာရေး ပြဿနာများ၊ သန့်ရှင်းရေး ပြဿနာများ၊ လုပ်ငန်းခွင်များ ပြန်လည်စတင်နိုင်ရေးနှင့် လယ်ယာလုပ်သားကြီးများ လယ်ယာလုပ်ငန်းကို အချိန်မီပြန်လည်စတင်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ အချိန်ယူရသလို အနားမရဘဲ ဆက်တိုက်လုပ်ရမည် လုပ်ငန်းများဖြစ်ပေသည်။

အစိုးရ၊ အစိုးရနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီးများ၊ နိုင်ငံတကာ အလှူရှင်များ၊ ပြည်တွင်း ပြည်ပ အကူအညီပေးရေးအဖွဲ့များက ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အရေးပေါ် ကူညီ ကယ်ဆယ်ရေး များ လုပ်သကဲ့သို့ ဆက်လက်ကူညီရန် အရေးကြီးပေသည်။ ကူညီသူက ကူညီသလို လုပ်ရမည့် ရေဘေးသင့်သူများကလည်း ပြန်လည် ထူမတ် ကြိုးစားအားထုတ် လုပ်ကိုင်ကြရပေ လိမ့်မည်။

ထိုအချိန်တွင် တစ်ချောင်းတည်းသော စိတ်ဖြင့် ပြန်လည်ထူထောင်ရေးများကို လုပ်ကိုင်ရ ပါသည်၊ ဝေဝါးသောစိတ် တွေဝေသောစိတ်များဖြင့် မလုပ်မကိုင်ရပါ။ သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကား လာချေပြီ၊ နိုဝင်ဘာ ၈ တွင် ကျင်းပမည်ဟု အချိန်ဇယား ဆွဲထားသည်။ နိုင်ငံရေးပါတီများသည် ပြည်သူ့ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများကို ကသောင်းကနင်းဖြင့်ပင် ဆောင်ရွက်လျက်ရှိကြသည်။

မဲဆန္ဒရှင်ပြည်သူ သိန်းနှင့်ချီ၍ ရေဘေးဒဏ် ကို ခံစားနေရပြီး မကြာသော အချိန်ကာလအတွင်း အဆက်မပြတ် ကြိုးစားအားထုတ်ရင်း ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အကူအညီ အနည်းငယ်ဖြင့် ပင် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရမည့် သ ဘော ရှိပါသည်။

သို့ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ရက်ပိုင်းမှသည် လပိုင်းအထိ ရွှေ့ဆိုင်းခြင်းသည် သူနိုင်ကိုယ်နိုင် အားလုံးနိုင်သည့် အဖြေမျိုး ဖြစ် ကောင်းသည်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required