ဘဝခါးခါးကို ဂီတနဲ့ ချိုစေခဲ့တဲ့ အိပ်မက်ဆုံရာ

ဘဝခါးခါးကို ဂီတနဲ့ ချိုစေခဲ့တဲ့ အိပ်မက်ဆုံရာ

အိပ်မက်ဆုံရာ ရာသက်ပန် Season 5 မှ တေးရေး မြင့်မိုးအောင်၊ Winner မိုးသောက်၊ 3rd Runner Up ဟိန်းဇော် တို့နှင့်တွေ့ဆုံခြင်း  အပိုင်း(၂)

မဇ္ဈိမ - ဒီပြိုင်ပွဲကိုမရောက်ခင် ဘဝမှာကြံုတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ ့ ဒီဂီတက ဘယ်လို ခွန်အားတွေ ဖြစ်စေခဲ့သလဲဆိုတာ ခံစားချက်လေးတွေလဲ ပြောပေးပါဦး။

မိုးသောက် - အိပ်မက်ဆုံရာမပြိုင်ခင် ကျွန်တော်အပြင်မှာ အပွင့်လင်းဆုံးပြောရရင် အလုပ်ကို ဘက်စုံ လုပ်ဖူးတယ် ။ မြေကြီးတူးရတယ်၊ ဆိုက်ကားနင်းရတယ်။ အကုန်လုပ်ခဲ့ဖူးတယ်။ ရန်ကုန် ရောက်တော့လဲ လက်မှုပညာ ပန်းထိမ်လုပ်ခဲ့တယ်။ တစ်လကို ၈ သောင်း၊  ၉ သောင်း ရတယ်။ အဲဒါကမှတဆင့် ဒီပြိုင်ပွဲကြီးကို ပြိုင်ခဲ့တယ်။ အရင်ဆုံး ကျွန်တော့်ကို လမ်းပြပေးခဲ့တဲ့ ဆရာတစ်ယောက် ရှိတယ်။ သူ့မိသားစုကအစ အားလုံး နွေးနွေးထွေးထွေးနဲ့ ကူညီခဲ့တယ်။ ကားခ လိုရင် ကားခကအစ ထုတ်ပေးခဲ့တယ်။ အဲ့လိုနဲ့ ကျွန်တော်ဖြတ်သန်းခဲ့ရတယ်။ အပြင်ဘဝက ခုနက ပြောသလိုပေါ့ နည်းနည်းတော့ ခါးတယ်။ ပြိုင်ပွဲထဲ ရောက်တော့လည်း ခက်ခဲပြန်တာပဲ။ ဒီနေ ့ Rehearsal ရှိတယ် လာခဲ့ဆိုရင် ကားခ ရှိမှ။ အလုပ်ကလည်း မလုပ်တော့ဘူးလေ။ ပြိုင်ပွဲက ၀င်နေပြီဆိုတော့ ကားခ မရှိတော့ ဒီဆရာက ကားခ ၅ ထောင်ပေးရင် ၃ ထောင်တန်တဲ့ လမ်းကို ၂ ထောင်နဲ ့ဆစ်မယ်။ ၃ ထောင်ပြန်စုမယ်။ အဲ့ဒီဆရာက တစ်ရက်စာပေးရင် ကျွန်တော်က ၂ ရက်စာရအောင် သုံးတယ်။ အဲ့တော့အပြင်မှာ ခက်ခဲတာနဲ ့ ပြိုင်ပွဲဝင်နေတုန်း ခက်ခဲတာလေးတွေ ရှင်းပြတာပါ။

မဇ္ဈိမ - အဲဒီတော့ ခုနပြောတဲ့ အထဲမှာ ဘဝကခါးတယ်ဆိုတော့ ဂီတကဘယ်လို ချိုစေခဲ့တာလဲ ဒီဂီိတနဲ့ရော ဘယ်လောက်တွန်းအားပေးခဲ့တာလဲ။

မိုးသောက် -  လွန်ခဲ့တဲ့ ၁၀နှစ်၊ ၁၁နှစ်လောက်က ကျွန်တော်က နယ်မှာရှိပါတယ်။ ကျွန်တော့်မိဘနဲ့ နှစ်ယောက်ထဲ။ အဲ့ဒီမှာကတည်းက ချွေးတလုံးလုံးနဲ ့ အလုပ်လုပ်ရင်း သီချင်းတွေ အော်ဆိုတယ်။ တောသားပဲဟာ။ လယ်ကွင်းထဲမှာ အော်ဆိုတယ်။ တံငါသည်ဆိုတော့ ရေထဲမှာလဲ ငုပ်ရင်းအော်တယ်။ အမှန်က လေ့ကျင့်တာ မဟုတ်ဘူး ဗီဇ။ ကျွန်တော်ရောက်တဲ့ နေရာလေချွန် အဲ့လို ဗီဇတော့ရှိတယ်။ ရန်ကုန် တက်လာတာလဲ အဆိုတော်ကြီး လုပ်မယ်ဆိုပြီး တက်လာတာမဟုတ်ဘူး။ အိပ်မက်ဆုံရာမှာ ပြိုင်မယ်ဆိုပြီး တက်လာတာလဲ မဟုတ်ဘူး။ ပြောရရင် အိပ်မက်ပေါ့။ အဆိုတော်ကြီး ဖြစ်ချင်တာကတော့ အရမ်းပေါ့။ ရန်ကုန်ရောက်တော့ ပန်းထိမ်လေးလုပ်ရင်းနဲ့ အခန်းထဲမှာ သီချင်းတွေ ဖွင့်ကြတာပေါ့။ သီချင်းသံကြားရင် ကိုယ်တွေက မနေနိုင်ဘူးလေ။ လိုက်ဆိုလိုက် ၊ လက်ဖျောက်လေး တီးလိုက် ဂစ်တာလေး ခေါက်လိုက်နဲ့ပေါ့။

မဇ္ဈိမ - ဟိန်းဇော် အနေနဲ့ရော ပြိုင်ပွဲမဝင်ခင် ဘဝကို ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲမှုတွေနဲ့ အဲ့ဒီ ခက်ခဲမှုတွေအတွက် ဂီတက ကိုယ့်အတွက် ဘယ်လောက်တွန်းအားဖြစ်စေခဲ့သလဲ။

ဟိန်းဇော် - ကျွန်တော်ရဲ့အရင်လုပ်ငန်းက သင်္ဘောလိုက်ပါတယ်။ သူများအမြင်တော့ သင်္ဘောသားပေါ့။ အမှန်က ကျွန်တော် သန့်ရှင်းရေးလုပ်ရတာပါ။ သင်္ဘောပေါ်မှာ အလုပ်လေး လုပ်လိုက်၊ သီချင်းလေး ညည်းလိုက် ၊ ဆရာတွေက လာဆူတယ်။ မင်းအလုပ်ကို ပြီးအောင်လုပ် ဘယ်အချိန် ငါပြန်လာမယ် အပြီးလုပ်ထား။ မင်းသီချင်းဆိုချင်ရင် မြန်မာနိုင်ငံပြန်။ ကျွန်တော် အမြဲ အပြောခံရတယ်။ အဲဒါနဲ့ ၁၁ လပိုင်း ၂ ရက်နေ ့ မြန်မာနိုင်ငံ ပြန်ရောက်တော့ အိပ်မက်ဆုံရာက စတော့မယ်။ သူငယ်ချင်းတစ်ယောက်ကပြောတာ။ အဲဒါနဲ့ အသံစ စစ်တယ်။ ဆရာတွေနဲ့ ဒီအစ်ကိုတွေနဲ ့ အဲလောက်ဖြစ်လာမှန်း မသိခဲ့ဘူး။ မထင်ထားဘူးပေါ့ဗျာ ။

မဇ္ဈိမ - ကိုမြင့်မိုးအောင် အနေနဲ့ ဂီတကို ၀ါသနာပါပြီးတော့ ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ လူငယ်တွေ အပေါ်မှာ ဘယ်လိုစိတ်မျိုးနဲ ့ ကူညီခဲ့တာပါလဲ။ နောက် ဂီတလောက တိုးတက်လာဖို့ အတွက် အဓိက ဘာတွေလိုအပ်နေတာပါလဲ။ ဘာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေသလဲပေါ့။ အဲ့တာလေး သိချင်ပါတယ်။

မြင့်မိုးအောင် - ကျွန်တော့်အနေနဲ့ Melody World သီချင်းဆိုပြိုင်ပွဲ နောက် အိပ်မက်ဆုံရာ ရာသက်ပန် ပြိုင်ပွဲတွေ နှစ်တွေလဲ တော်တော်များပါပြီ။ ၁၁ နှစ်ကျော်ပြီပေါ့နော်။ ပြိုင်ပွဲတွေ အများကြီး တွေ့လာဖူးပါတယ်။ တခါတလေကျ ကျွန်တော်တို့ကော ပရိသတ်ကောက သူတို့ကို သာမန်ပဲ သိတာပေါ့နော်။ ပရိသတ်ကတော့ တစ်ပတ်မှာ တစ်ခါပြိုင်တယ်။ အဝတ်အစားလေးတွေကလည်း သူ့ဟာသူတော့ သင့်တင့် လျောက်ပတ်နေတော့ကာ အခက်ခဲလေးတွေရှိရင်လည်း အတန်သင့်ပဲ ထင်မှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မထင်တဲ့ အခက်ခဲတွေကအစ ရှိပါတယ်။ တစ်ခါ ကလေးတစ်ယောက်ဆို သူက ရုပ်ကလေးကလည်းရှိတော့ သူနားမှာ ကောင်မလေးတွေဝိုင်းပြီး ရုံးက ကောင်မလေးတွေကော သီချင်းစာသားတွေ ၀ိုင်းပြီး ကူးပေးနေကြတော့။ အော် ဒီကောင်တော့ တော်တော်လေး အပေါ်စီးကနေ ဆက်ဆံတာပဲဆိုပြီး။ အမှန်က ဒီလိုမဟုတ်ဘူး။ စာကို မရေးတတ်တာ။ အဲ့လို လူကအစ ရှိတယ်။ သီချင်းကိုသာ စိတ်ဝင်စားလို့ အကုန် သူကျက်နေတာ။ စာသားကို သူမရေးတတ်ဘူး။ အဲ့လို လူကအစ ရှိတယ်။ သူတို့ဆိုလဲ စဉ်းစားကြည့် တစ်ပတ်တစ်ခါ ပြိုင်တယ်။ တီဗီမှာတွေ့တယ်။ အဝတ်အစားလေးတွေက ဒီဇိုင်နာ ၀တ်စုံလေးတွေနဲ့ ဆိုတော့ သူ ဆိုက်ကားနင်းတာ ဘယ်သူကထင်မလဲ။ မထင်ဘူးပေါ့နော်။ အဲ့ဒီတော့ ပြိုင်ပွဲဝင်တွေမှာ အခက်အခဲတွေက ပရိသတ်တွေ မမြင်တာတွေ အများကြီး ဟိုတစ်နေ့က ကလေးတစ်ယောက်။ ဘယ်သူ ဘယ်သူ စုစုပေါင်း ၁၉ သိန်း ဆိုပြီးမှတ်နေတာ။ ဘာလဲဆိုတော့ သူအကြွေးပေးရမှာ ဒီပြိုင်ပွဲပြီးရင် ဆိုတော့ကာ  ဒီပြိုင်ပွဲတခု ၄ လ ၅ လ ကြာတဲ့ အခါ သူတို့မှာ အခက်အခဲ တချို့ ရွာမှာ နွားပေါင်ခဲ့ရတဲ့လူရှိတယ်။ အဲ့လိုလူကအစ အဲ့ဒီတော့ အခက်အခဲတွေ ကြားထဲက အနုပညာ ချစ်တဲ့ စိတ်လေးနဲ့ ကြိုးစားတာကို ကျွန်တော်တို့က တတ်နိုင်သလောက် အားပေးအားမြှောက် ပြုရတာပေါ့။ ကျွန်တော်ဆိုရင် နဂိုတုန်းက ကိုယ့်ဟာနဲ့ကိုယ်လည်း အလုပ်ရှုပ်နေတော့ အလှူတွေ ဘာတွေလဲ မလုပ်ဖြစ်ဘူးလေ။ ဒါပေမယ့် မလုပ်ဖြစ်တာကို ၀မ်းမနည်းပါဘူး။ အခု ကျွန်တော် ဂီတနဲ့ ပတ်သက် လာရင် သူတို့ကို ပေးကမ်းနေရတာကို အလှူတစ်ခုလုပ်တယ်လို့ ခံယူထားတယ်။ ဒါကြောင့်မို ့ ပျော်ပျော်ရွှင်ရွှင်ပဲ လုပ်တယ်။ အဲဒီတော့ ပြောရရင် ဒါက တစ်ယောက်တည်း လုပ်လို့မရဘူး။ နိုင်ငံ တစ်နိုင်ငံမှာ လိုအပ်ချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံဆိုလည်း ဖွံ့ဖြိိုးတိုးတက်စ နိုင်ငံဖြစ်တယ်။ ဂီတဆိုရင်လည်း သူတို့တွေ ငယ်ငယ်ထဲက ဂီတ သင်တန်းကျောင်းတွေ တက်ချင်မှာပေါ့။ ၀ါသနာ ပါကြတဲ့သူတွေ တခြားဟာတွေ လျှောက်လုပ်နေရတယ်။ မဆိုင်တဲ့ အလုပ် တွေ လုပ်နေရတယ်။ ဂီတကျောင်းတွေလဲ လိုအပ်သလို စာသင်ကျောင်းတွေမှာလဲ ဂီတ ဘာသာရပ်တွေကို ဦးစားပေးချင်တဲ့ ခလေးတွေကို သီးခြား ဒီတခုတည်း သင်ကြားပေးတာမျိုး။ ဒါကတော့ နိုင်ငံအနေနဲ ့ ထပ်ပြီးပ့ံပိုးဖို ့ လိုတာလေးတွေပေါ့။ ဂီတလောက အခုဆို သူ ့နည်းသူ ့ဟန်နဲ့ တိုးတက်မှုတွေ ရှိတယ် ထင်ပေမယ့်လည်း ။ အဲ မူပိုင်ခွင့်ချိုးဖေါက်မှုတွေနဲ့ ခိုးကူးခွေတွေနဲ ့ ဂီတသမားတွေ အခက်အခဲတွေ ဖြစ်တယ်။ အဲဒီဖြစ်တဲ့ အခက်အခဲတွေဆိုတော့ လူငယ်တွေ  မျိုးဆက်သစ်တွေ သူတို ့ဂီတ အနုပညာကို ဖော်ထုတ်ခွင့်တွေက အစ မရနိုင်ဘူး။ အဲဒီတော့ အဆိုပြိုင်ပွဲတွေ ရှိတာတော့  ဒီတစ်ခုကို အများကြီး အထောက်အကူပြုတယ်။ ကလေးတွေက နောက်ဆုံး Album ကြီးတွေ မထုတ်နိုင်တောင် သူတို့ကို ပရိသတ် ရစေနိုင်တယ်။ အာပေးတဲ့ ပရိသတ်ကို သီချင်းတွေ ဆိုပြနိုင်တယ်။ စင်မြင့်လေးတွေမှာ ဖျော်ဖြေကြတယ်။ အခွင့်လမ်းလေးတွေတော့ ရတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ နိုင်ငံက ပ့ံပိုးပေးရမယ့်အရာတွေ ဂီတကျောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကြတဲ့သူတွေလဲ တခြားစီးပွားရေး လုပ်ငန်းနေရာမှာ ဂီတနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေ  ဂီတကျောင်းတွေ ဖွင့်ဖို့ ဒီလိုလေးတွေ စဉ်းစားပေးနိုင်ရင်တော့ ကျွန်တော်တို ့ နိုင်ငံရဲ့ အနာဂတ် ဒီလို အရည်အသွေးရှိရဲ့သားနဲ့ အခက်အခဲတွေကြောင့် မဖြစ်လာနိုင်တဲ့ ရွက်ပုန်းသီးလေးတွေ အများကြီးပေါ်ထွန်းလာမယ်လို ့ ကျွန်တော်တော့ ယုံကြည်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျ ...။   

အင်တာဗျုးအပိုင်း ၁ -http://www.mizzimaburmese.com/article/29670

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly