YBS စီးရေ ၁,၄ဝဝ ကျော် ဇူလိုင်လကုန်တွင် အလုံးစုံအာမခံ ရှိတော့မည်

YBS စီးရေ ၁,၄ဝဝ ကျော် ဇူလိုင်လကုန်တွင် အလုံးစုံအာမခံ ရှိတော့မည်

ရန်ကုန်၊ ဇူလိုင်လ ၂၄ ။                        ။ YBS ဘတ်စ်ကားစီးရေ ၁၄ဝဝ ကျော်မှာ ဇူလိုင်လအကုန်တွင် အလုံးစုံအာမခံ ရှိတော့မည်ဟု YUPT ကုမ္ပဏီ (ယခင် မထသပိုင်) မှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က မဇ္စျိမသို့ ပြောသည်။

 “ကျွန်တော်တို့ကုမ္ပဏီမှာ အစိုးရက ပေးတဲ့ကားတွေရယ်၊ ကုမ္ပဏီမှာရှိတဲ့ ကားနဲ့ တစ်ဦးချင်းပိုင်ကားတွေဆိုရင် စုစုပေါင်း ကားအစီးရေ ၁,၄ဝဝ ကျော် ရှိပါတယ်။ အစိုးရပေးတဲ့ကားနဲ့ ကုမ္ပဏီမှာရှိတဲ့ကားတွေက အလုံးစုံ အာ မခံထားပြီးပါပြီ။ လိုင်းတွေမှာရှိတဲ့ ကျန်တဲ့တစ်ဦးချင်းပိုင်ကားတွေကိုလည်း ဒီလကုန်အပြီး အာမခံထားပါမယ်။ အလုံးစုံအာမခံ မထားတဲ့ ဘတ်စ်ကားမှန်သမျှ လိုင်းပြေးဆွဲခွင့်မရပါဘူး”ဟု ဦးမောင်မောင်လွင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီ (YUPT)ပိုင် ဘတ်စ်ကား ရ၄၀ အလုံးစုံအာမခံ ထားရှိပြီးဖြစ်ပြီး စီးတီးဘတ်စ် အသစ် ၅ဝဝ စီး နှင့် လမ်းကြောင်းပေါ် ပြေးဆွဲနေ သည့် ဘတ်စ်ကားစီးရေ ၂၄ဝ တို့ ပါ၀င်သည်။

လက်ရှိတွင် YUPT တွင် ယာဉ်လိုင်းနံပါတ် ၆၅၊ ၅၈ ၊ ၃၆ ၊ ၂၈၊ ၂၄ အပါအဝင် ယာဉ်လိုင်းပေါင်း ၂၁ လိုင်းအား ပြေးဆွဲနေခြင်းဖြစ်ပြီး ယခင် မ.ထ.သ မှ အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အာမခံထားရှိမှုကြောင့် ခရီးသွားပြည်သူများ YBS ကားများ စီးနင်းစဉ် ထိခိုက်မှုရှိပါက အာမခံမှ ပြန်လည်ပေးလျော်မည်ဖြစ်သည်။

“ အလုံးစုံ အာမခံပေါ့။ အလုံးစုံဆိုတာက ဘာမှမကျန်ဘူး အကုန်လုံးထားတယ်။ ခရီးသည်အတွက်ရော၊ ကား အတွက်ရော၊ ကားတိုက်မှု၊ ကားမီးလောင်မှုကိစ္စတွေအပြင် လေဒဏ်၊ မိုးဒဏ်၊ စစ်ဘေးဒဏ် အကုန်ပါတယ်။ လူတွေကိုထိခိုက်ရင်လည်း ခြေထောက်ကျိုးတာကအစ၊ မျက်လုံးပေါက်တာကအစ အကုန်လျော်တာပေါ့။ ကားတိုက်ရင်လည်း ကားရဲ့ပျက်စီးသွားတဲ့ တန်ဖိုး၊ ဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်တာပေါ့။ ကျွန်တော်တို့က အာမခံကို အပြည့်ထားတာလေ။ အပြည့်ဆိုတာက ကားတန်ဖိုးကို လျှော့မထားဘူး”ဟု အလုံးစုံအာမခံထား ခြင်းနှင့် ပတ်သက်ပြီး ဦးမောင်မောင်လွင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ရ ရက်က  YBS ၅၅ မှ YBS ၃၇ ကိုဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ရကာ YBS ၃၇ တွင်သာ အာမခံ ထားရှိထားသောကြောင့် YBS ၅၅ မှ သေဆုံးသူများ လျော်ကြေး ရရှိမှု ကွာခြားမှုရှိခဲ့သည်။

ကျန်ရှိနေသည့် YUPT ရှိ တစ်ဦးချင်းပိုင် ဘတ်စ်ကားစီးရေ ရဝဝ ကျော်ကိုလည်း ယခုလအပြီး အလုံးစုံအာမခံ ထားမည်ဖြစ်ကြောင်း ဦးမောင်မောင်လွင်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required