H1N1 တွေ့ လူနာ ၃ ဦးရှိနေပြီး အထူးကြပ်မတ်ကုသနေဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

H1N1 တွေ့ လူနာ ၃ ဦးရှိနေပြီး အထူးကြပ်မတ်ကုသနေဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
H1N1 ဖြစ်ပွားမှုအား ကာကွယ်ရန် နှာခေါင်းစီး တတ်ထားသော ပြည်သူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ဇူလိုင် ၂၄ ။             ။ H1N1 တွေ့ရှိရသော လူနာ ၃ ဦး ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၂) ဦး၊ ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ လူနာ (၁)ဦးတို့ အထူးကြပ်မတ်ဆောင်တွင် ကုသနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ  ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်၊ မနက် ၁၀ နာရီတွင် ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း ဆိုင်ရာ ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်၍ ပြုလုပ်ခဲ့သည်။

ပထမ လူနာက ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့နယ်မှဖြစ်ပြီး အသုတ်တိုက်နယ်ဆေးရုံဆရာဝန်၏ ဇနီးဖြစ်ပြီးဇူလိုင်လ ၆ ရက်နေ့ကစပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ပြီး ပုသိမ်ဆေးရုံကြီး၊ နောက် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသမှု ခံယူခဲ့ရသည်။ ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်ကြောင်း တွေ့ရှိရခြင်းဖြစ်သည်။

ဒုတိယ လူနာသည်  ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မှဖြစ်ပြီး စားဖိုမှူးတစ်ဦးဖြစ်ကာ ဇူလိုင်လ ၈ ရက်နေ့က စတင်ပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ကာ ၁၅ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးမှာ ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။ ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်သည်။

ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေတဲ့ နောက်ဆုံးတစ်ဦးသည် နေပြည်တော်၊ ရေဆင်းက မွေးမြူရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ ဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့ကစတင်ပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ကာ ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးတွင် ကုသမှု ခံယူနေရသည်။ ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ လူနာ ၃ ဦးအနက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေတဲ့ လူနာ (၂) ဦး အခြေအနေ သက်သာမှုမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးတွင်  ကုသမှုခံယူနေတဲ့ လူနာမှာ သက်သာ ကောင်းမွန်နေပြီဟု သိရပြီး ဆေးရုံကြီးတွေမှာ တက်ရောက်နေသော လူနာများကို အထူးကြပ်မတ်စောင့်ကြည့်မှုတွေ ပြုလုပ်လျက် ရှိကာ ရောဂါကူးစက်မှုထိန်းချုပ်ရေးကို အလေးထားဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဝက်တုပ်ကွေးဟု ခေါ်ဝေါ်ကြသော ရာသီတုပ်ကွေး Seasonal Flu, A/H1N1 သည်  မိုးအကုန် ဆောင်းအကူးတွင်  ဖြစ်လေ့ဖြစ်ထ ရှိခဲ့ကြောင်း၊ ရာသီတုပ်ကွေးရောဂါသာ ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်သူများအတွင်း ရာသီတုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးရေး၊ စောင့်ကြပ်ကြည့်ရှုရေး၊ ရောဂါထိန်းချုပ်ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ဌာနဆိုင်ရာတွေ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမြန်ဆုံး ဆောင်ရွက်နေ ကြောင်း ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် စိတ်ပူပန်မှုတွေ ဖြစ်ပေါ်မှုပတ်သက်၍ အလွန်အမင်း ပူပန်ခြင်းမရှိဖို့၊ စနစ်တကျ ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required