ရန်ကုန်၊ဇူလိုင်၂၄ ။ ။ H1N1(ဆွိုင်းဖလူး)ရောဂါရှိသူနှစ်ဦးသာ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက ယနေ့ မနက်ပိုင်းတွင် အတည်ပြုပြောသည်။
"အဲဒီနေ့ တစ်နေ့တည်း နှစ်ယောက်လေ၊သောကြာနေ့"ဟု ဒေါက်တာဦးအေးကိုကိုက ပြောသည်။
ရန်ကုန်ဆေးရုံကြီး၌ ဇူလိုင်၂၁ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ယက်မီဒီယာများတွင် ၁၆ ယောက်အထိ ကူးစက်ခံနေရကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် ၂ ဦးသာ ဖြစ်ကြောင်း ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှ ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် အတည်ပြုခဲ့သည်။
ရောဂါလက္ခဏာများတွေ့ရှိရာမှ စစ်ဆေးကြည့်ရာ Positive(ရောဂါဖြစ်ကြောင်း)ပြ၍ စတင်သိရှိခဲ့သည်ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးဒေါက်တာဦးအေးကိုကိုက ပြောသည်။
၀က်တုပ်ကွေးဟု ပြောကြသော အဆိုပါရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း( ၃ ရက်နှင့်အထက်)၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်သားများရောင်ရမ်းခြင်း၊ နှာစေးခြင်းများ ဖြစ်သည်။
ထို့ကြောင့် H1N1 ဟု လူသိများသည့် Swine flu ဆွိုင်းဖလူးရောဂါ ကာကွယ်ရန်အတွက်နေမကောင်းပါက အပြင်ထွက်ခြင်း ရှောင်ရှားပါ၊ လက်ကို ရေနှင့်ဆပ်ပြာသုံးပြီး မကြာခဏဆေးပါ၊ နှာချေ ချောင်းဆိုးလျှင် နှာခေါင်းစည်း၊တစ်ရှူးသုံး၍ စနစ်တကျစွန့်ပစ်ပါ၊ လူစည်ကားရာကို တတ်နိုင်သမျှရှောင်ကြဉ်ပါ အပါအဝင် ဒေါက်တာတင့်ဆွေက အကြံပြုပြောကြားထားသည်။
အဆိုပါ H1N1 တွေ့ရှိခြင်းအတွက် ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ တိုင်းကျန်းမာရေးရုံးတွင် ညနေ ၃ နာရီ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။