အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ နောက်ထပ်အရပ်ဒေသတစ်ခုကို တာလီဘန်များသိမ်းပိုက်

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ နောက်ထပ်အရပ်ဒေသတစ်ခုကို တာလီဘန်များသိမ်းပိုက်

ကာဘူးလ်၊ ဇူလိုင် ၂၃ ။           ။ အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ ဖာယက်ဘ်ခရိုင်အတွင်းမှ နောက်ထပ်ဒေသတစ်ခုကို အာဖဂန်တပ်များ ဆုတ်ခွာ သွားပြီးနောက်တွင် တာလီဘန်များက တနင်္ဂနွေနေ့၌ သိမ်းပိုက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ လုံခြံုရေးတပ်ဖွဲ့များက နည်းဗျူဟာအရ တပ်ဆုတ်ခွာသွားချိန်မှာ ဖာယက်ဘ်ခရိုင်အတွင်း က ခိုဟစ္စတန်အရပ်ဒေသဟာ တနင်္ဂနွေနေ့မနက်ပိုင်းမှာ တာလီဘန်များလက်ထဲကို ကျရောက်သွားခဲ့ရပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ ဂျာဝတ်ဘီဒါက ပြောခဲ့သည်။

အဆိုပါဒေသကို မြန်မြန်ဆန်ဆန် ပြည်လည်သိမ်းပိုက်နိုင်ရန် တပ်ဖွဲ့ဝင်များက ပြင်ဆင်နေကြောင်း ဘီဒါက ဆက်ပြောခဲ့သည်။

တာလီဘန်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က ခိုဟစ္စတန်ဒေသမှာ မူဂျာဟစ်ဒင်တို့လက်ထဲ သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် ရန်သူများဘက်မှ အထိအခိုက်အကျအဆုံး များပြားကာ လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း တွစ်တာမှတဆင့် ပြောကြားခဲ့သည်။

ဧပြီလ ၂၈ရက်နေ့တွင် တာလီဘန်တို့၏ နှစ်စဉ်ပြုလုပ်နေကြဖြစ်သော နွေဦးထိုးစစ်ဆင်မှုကို မူလာဟိုင်းဘတ် တူလာဦးဆောင်သော အဖွဲ့မှ စတင်ဆင်နွှဲခဲ့သည်။ ထိုအချိန်ကတည်းက တာလီဘန်တို့သည် ခိုဟစ္စတန်ဒေသ အပြင် ဂျဝတ်ဇ်ဂျန်၊ ဟယ်လ်မန်နှင့် ကန်ဒက်ဇ်ခရိုင်များအတွင်းရှိ ဒေသ ၃ခုခန့်ကို သိမ်းပိုက်နိုင်ခဲ့သည်။

လွန်ခဲ့သော ဇန်နဝါရီ ၂၀၁၅ခုနှစ်တွင် နေတိုးအဖွဲ့၏ တိုက်ခိုက်မှုစစ်ဆင်ရေးများ အဆုံးသတ်သွားကတည်းက သောင်းကျန်းသူများသည် အာဖဂန်နစ္စတန်အတွင်းရှိ နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏အဆိုအရ တာလီဘန်များသည် အနည်းဆုံးနယ်မြေ ၄၃ ရာခိုင်နှုန်းခန့်တွင် အစိုးရအဖွဲ့နှင့် အပြိုင် အနိုင်လုနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required