မန္တလေး မ.ဘ.သ ဦးဆောင်ဆရာတော်များနှင့် မဟန ဥက္ကဋ္ဌဆရာတော်တို့ သာသနာရေးကိစ္စများဆွေးနွေး

မန္တလေး မ.ဘ.သ ဦးဆောင်ဆရာတော်များနှင့် မဟန ဥက္ကဋ္ဌဆရာတော်တို့ သာသနာရေးကိစ္စများဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၂၃ ။          ။ မန္တလေး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ဦးဆောင်ဆရာတော်များနှင့် မဟနဥက္ကဌ ဆရာတော်တို့ မန္တလေးမြို့တွင်တွေ့ဆုံကာ သာသနာရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု မန္တလေး မ.ဘ.သ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ဦးဣန္ဒာစက္ကာဘိ၀ံသက မဇ္စျိမသို့ မိန့်သည်။

ယမန်နေ့က ဇူလိုင် ၂၂ ရက် မန္တလေးမြို့တွင် တွေ့ဆုံရန် မဟန ဆရာတော်ဘက်က ဖိတ်ကြာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေး မ.ဘ.သ အဖွဲ့သည် မဟန ၄၇ ပါးစုံံညီအစည်းအဝေးမှ ဆုံးဖြတ်ထားသည့် မ.ဘ.သ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ နောက်ဆုံးထား ဖြုတ်ချရန်ငြင်းဆန်ထား သည့်အဖွဲ့လည်းဖြစ်သည်။

“ ဘာမှထွေထွေထူးထူးမရှိပါဘူး သာသနာရေးကိစ္စတွေ ဆွေးနွေးကြတာပါ “ ဟု ဦးဣန္ဒာစက္ကာဘိ၀ံသ မိန့်သည်။

သို့သော် မ.ဘ.သ အမည်သုံးခွင့်မရှိ၊ မ.ဘ.သ ဆိုင်းဘုတ်များ ဖြုတ်ချပေးရမည်ဟူသော မဟန မှထုတ်ပြန်ထားသည့် အချက်ဆွေးနွေးခဲ့ခြင်းရှိမရှိကို မူ ပြောဆိုခြင်းမရှိပေ။

မန္တလေး မ.ဘ.သ ဦးဆောင်ဆရာတော် ရ ပါးနှင့် မဟန ဥက္ကဋ္ဌ ဆရာတော်ဦးဆောင်သည့် ဆရာတော် ၄ ပါးတို့ ဇူလိုင် ၂၂ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ မဟန ဥက္ကဋ္ဌ ဆရာတော်ကြီးကတော့ မန္တလေးမှာ ၀ါသွားဆိုတာပါ။ မ.ဘ.သ ဆရာတော်တွေနဲ့ ၀င်ထွက်သွားလာရှိကြတယ်ထင်ပါတယ်။ ဌာနအနေနဲ့ တာဝန်ရှိတဲ့ အနေနဲ့ ပြောဆိုတာတွေတော့ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တာဝန်ကျ ဘုန်းဘုန်းက ရန်ကုန်မှာပဲ။ ကမ္ဘာအေးမှာပဲ သတင်းသုံးတာဆိုတော့လေ “ ဟု သာသနာရေးနှင့် ၀ိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်က ပြောသည်။

မဟန ၏ဆုံးဖြတ်ချက်အတိုင်း (ဇူလိုင် ၁၅) နောက်ဆုံးထား မ.ဘ.သ ဆိုင်းဘုတ်များကို ဖြုတ်လဲခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့ အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထဲရေးဌာနက သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် အရေးယူ မည်ဖြစ်သည်။

သို့သော် မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် မ.ဘ.သ အဖွဲ့တို့အနေဖြင့် မ.ဘ.သ အမည်ကို ပြောင်းလဲမည် မဟုတ်သည့်အပြင် မ.ဘ.သ အမည် ဆိုင်းဘုတ်များကိုလည်း ဖြုတ်ချမည် မဟုတ်ဟု အတိအလင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် မ.ဘ.သ ဆိုင်းဘုတ်များကို အကြမ်းဖက်ဖြိုခွင်းလာပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြသာနာများသည် အစိုးရမှာသာလျင် တာဝန်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး မ.ဘ.သ အဖွဲမှ လည်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required