ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဗဟုဝါဒ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဗဟုဝါဒ
ဓာတ်ပုံ-Google

ငြိမ်းချမ်းရေးဖခင် ဆရာကြီသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အထူးဆောင်းပါး

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ မြင့်မားတဲ့ကဗျာဆရာကြီးလည်း ဖြစ်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖခင်ကြီးလည်းဖြစ်တယ်။

ရုရှပြည်အကြောင်းပြောရင် ဘော်လ်ဂါမြစ်နဲ့ စာရေးဆရာကြီး ဂေါ်ကီအကြောင်း မပါရင်မပြီးသလို၊ တရုတ်ပြည်အကြောင်းပြောရင် ယန်စီမြစ်ကြီးနဲ့ စာရေးဆရာကြီး လူရွင့် အကြောင်းမပါရင် မပြီးပါဘူး။ ဒီလိုပါပဲ။ မြန်မာပြည်အကြောင်းပြောမယ်ဆိုရင်လည်း ဧရာဝတီမြစ်ကြီးနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။

ဒါကိုဘယ်သူမှ ငြင်းနိုင်ဘွယ် မရှိပါဘူး။ ဒါပေမယ့် ဘာ့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးဖခင်ကြီး ဖြစ်တယ်ဆိုတာကိုလေ့လာတဲ့အခါ လူတော်တော်များများသိထားကြတဲ့ အချက်က၊ ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ ဒါမှမဟုတ် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအခြေခံအယူအဆဆိုတာထက် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာနည်းနာတွေကိုပဲသိရှိထားကြပါတယ်။ ဆရာကြီးရဲ့ အသက်အရွယ်နဲ့မမျှအောင် ငြိမ်းချမ်းရေးဆိုင်ရာ လိုက်လံဆောင်ရွက်ချက်များကို ကြည့်ပြီးတော့ပဲ ဆရာကြီးဟာ ငြိမ်းချမ်းရေးဖခင်ကြီးဖြစ်တယ်ဆိုတဲ့ ကောက်ချက်ကိုဆွဲကြပါတယ်။

လူအတော်များများသိရှိထားကြ စိတ်ဝင်စားကြတဲ့အချက်က ပြဿနာတွေကိုဖြေရှင်းကြတဲ့အခါ အကြမ်းဖက်ပြီး မဖြေရှင်းပဲ သူမသာကိုယ်မနာတဲ့နည်းနဲ့ ဖြေရှင်းကြဖို့၊ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာကြဖို့ တိုက်တွန်းတဲ့ ဆရာကြီးရဲ့စကားတွေကိုပဲ စိတ်ဝင်စားခဲ့ကြပါတယ်။ တကယ်တော့ အဲဒါတွေက ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒမဟုတ်ပါဘူး။ ဒါတွေက ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နည်းနာတွေပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် အခုကျွန်တော် ပြောခဲ့တဲ့ ဆရာကြီးရဲ့ပြောစကားတွေဟာ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလည်းဆိုတဲ့ နည်းနာများပဲဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံအယူအဆ မူဝါဒတော့ မဟုတ်သေးပါဘူး။

ငြိမ်းချမ်းရေးရဖို့၊ တခါ ငြိမ်းချမ်းရေးရပြန်တော့လည်းရထားတဲ့ ငြိမ်းချမ်းရေးကိုရေရှည် ထာဝရတည်တန့်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် အဲဒီအထက်ကပြောခဲ့တဲ့ အချက်တွေလောက်နဲ့ ငြိမ်းချမ်းရေးကိုအာမခံချက် မပေးနိုင်ဘူးဆိုတာ သွားတွေ့ရပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ တခါ ရထားတဲ့ ငြိမ်းချမ်းရေး ထာဝရတည်တန့်ဖို့ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒရှိဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာခံယူချက်မူဝါဒကို ကျွန်တော် သိချင်လာခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အထုပ္ပတ္တိဆိုင်ရာစာအုပ်တွေနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာတွေ ကဗျာတွေကို ကျွန်တော် ဖတ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ပြောစကားတွေကိုလည်းဖတ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာပေပင်လယ်ထဲမှာအချိန်တော်တော်ကြာ ကျွန်တော်ကူးခတ်ခဲ့ပါတယ်။

၂၀၀၆ ခု၊ ထိုင်းနိုင်ငံမဲဆောက်မြို့မှာကျင်းပတဲ့ ̏ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၂)နှစ်ပြည့်အခမ်းအနား˝ မှာ ̏ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ˝ ခေါင်းစဉ်နဲ့ စာတမ်းတစ်ခု ကျွန်တော်တင်ခဲ့ပါတယ်။

ဒီတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးအမြင် ထက်မြက်ပုံ၊ သမိုင်းအချိုးအကွေ့တွေမှာ သမိုင်းရဲ့စိန်ခေါ်မှုတွေမှာ ဆရာကြီးဘယ်လိုတုန့်ပြန် ဘယ်လိုရပ်တည်ခဲ့သလဲဆိုတဲ့အဖြေကို သက်သေပြနိုင်ဖို့ ဆရာကြီးရဲ့စာပေတွေကို ပိုပြီးစေ့စေ့စပ်စပ် ဖတ်ရပြန်ပါတယ်။ အဲဒီအချိန်မှာပဲ ယုန်ထောင်ကြောင်မိဆိုသလို ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာအခြေခံမူဝါဒသို့မဟုတ် အခြေခံအတွေးအခေါ်ကို တိတိကျကျ ဖေါ်ပြနိုင်တဲ့၊ တနည်းအားဖြင့်ပြောရရင် ကွက်တိထင်ဟပ်တယ်လို့ပြောနိုင်တဲ့ ကဗျာစာသားတချို့ကို ကျွန်တော် တွေ့ရတော့တာပါပဲ။

ဆရာကြီးက သူမကွယ်လွန်ခင်နောက်ဆုံးရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲမှာ အခုလိုစာသားတချို့ ထည့်ရေးခဲ့ပါတယ်။
̏ဇမ္ဗူ တခွင်တွင်ဖြင့်
လူအသွင်အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့်
အယူအငင်မှာတော့
တူချင်လဲတူကြ၊
မတူချင်လည်းနေကြပေါ့…
ဖြူဖြူစင်စင် ဗြဟ္မာစရိယဂိုဏ်းတွေနဲ့ ˝ ဆိုပြီးရေးထားတာတွေ့ရပါတယ်။

ဒီကဗျာစာသားဟာ လူတွေတစ်ယောက်နဲ့တစ်ယောက်၊ အသင်းအဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အယူအဆရေးရာမှာ တူတာလည်းရှိမယ်၊ မတူတာလည်းရှိမယ်။ ဒီလိုအယူအဆမတူကြရင်လည်း ပြဿနာမရှိဘူး။ ဒါဟာသဘာဝတရားပဲဖြစ်တယ်။ အရှိတရားပဲဖြစ်တယ်။ ဒီလို တရားအပေါ် တရားအရပဲ ကြည့်ရမယ်။ ကြည့်နိုင်ရမယ်။ အရေးအကြီးဆုံးအချက်က မတူတာတွေကို မတူတူအောင် အတင်းအဓမ္မ ဆွဲညှိတာမျိုးမလုပ်သင့်ပဲ ဗြမ္မာစရိယစိတ်ထားနဲ့ ဖြူဖြူစင်စင် အပြန်အလှန်အသိအမှတ်ပြု ယှဉ်တွဲနေထိုင်ကြရမှာပဲ ဖြစ်တယ်ဆိုတဲ့ မတူကွဲပြားမှုကိုသဘာဝကျကျရှုမြင်တဲ့ ဗဟုဝါဒဆိုင်ရာ အခြေခံအယူအဆကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း လက်ကိုင်ထားခဲ့တာ သွားတွေ့ရပါတယ်။

(၂)

မျက်မှောက်ခေတ်မှာတော့ လူသားအဆောက်အအုံကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းဖို့ဆိုရင် ̏ဗဟုဝါဒ˝ဟာ တစ်ခုတည်းသော အစွမ်းအထက်ဆုံး အခြေခံမူဝါဒကြီးဖြစ်ပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ကြရာမှာ တခါ ငြိမ်းချမ်းရေးရရှိလာတဲ့အခါမှာလည်း ရရှိထားတဲ့ ငြိမ်းချမ်းရေး ထာဝရတည်တန့်နေဖို့ဆိုရင် အဲဒီဗဟုဝါဒဟာ အခိုင်မာဆုံးအာမခံချက်ပေးနိုင်တဲ့ အခြေခံမူဝါဒ ဖြစ်ပါတယ်။

̏ဗဟုဝါဒ˝ ရဲ့ အနှစ်သာရဟာ မတူကွဲပြားခြားနားမှုတွေရှိနေခြင်းဟာ သဘာဝကျတယ်လို့ လက်ခံတဲ့ အယူအဆဖြစ်ပါတယ်။ ဒီလိုယူဆတဲ့အတွက် မတူတဲ့အယူအဆရှိသူအချင်းချင်း အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဆိုတဲ့ မြင့်မြတ်ကျယ်ပြန့်တဲ့ ဆက်ဆံရေးက အလိုအလျောက် ရရှိလာစေမှာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ ̏ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမဟာယဉ်ကျေးမှု˝ ထွန်းကားလာစေမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဗဟုဝါဒဟာ ငြိမ်းချမ်းရေးရဲ့ သော့ချက်ဝါဒ ဖြစ်လာစေတာပါပဲ။

မတူကွဲပြား ခြားနားစွာရှိနေတဲ့အခြေအနေကို လက်မခံတဲ့အယူအဆကတော့ ̏ ဧကဝါဒ˝ ပဲဖြစ်ပါတယ်။ သူက မတူကွဲပြားခြားနားမှုကို သဘာဝမကျဘူးလို့ မြင်တဲ့အမြင်ပါပဲ။ ဒါကြောင့်မို့ ဧကဝါဒက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုဆန့်ကျင်ပြီး ကွဲပြားခြားနားသူအချင်းချင်း အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဆိုတာကို ဖျက်သိမ်းပါတော့တယ်။ ဒါကြောင့်မို့ ဧကဝါဒဟာ နှစ်ဦးနှစ်ဘက် ပဋိပက္ခဖြစ်မှုကိုဦးတည်ပြီး ပျက်စီးခြင်းကိုလမ်းခင်းပေးသလို ဖြစ်စေပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းမကွယ်လွန်ခင် နောက်ဆုံးရေးသားခဲ့တဲ့ ကဗျာတစ် ပုဒ်ထဲက ̏မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့ တူချင်လည်းတူကြ မတူချင်လည်းနေကြပေါ့˝ ဆိုတဲ့စာပိုဒ်ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆရာကြီးအနေနဲ့ ဘယ်လိုအယူအဆ ဘယ်လိုအတွေးအခေါ် ဘယ်လိုမူဝါဒကို လက်ကိုင်ထားတယ်ဆိုတာ အတိအကျဖေါ်ပြတဲ့ ကဗျာစာသားများပဲဖြစ်ပါတယ်။ ဒီစာသားတွေဟာ ဆရာကြီးကို ̏ငြိမ်းချမ်းရေးမြတ်နိုးသူတစ်ဦးအနေနဲ့သာမက ငြိမ်းချမ်းရေးရအောင် ဘယ်လိုဆောင်ရွက်ရမလည်း˝ ဆိုတဲ့ အလုပ်လမ်းညွှန်အယူအဆအပေါ်မှာပါ အမြင်မျဉ်းပြတ်သူအဖြစ် ထင်ရှားစေတဲ့ ကဗျာစာသားများပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ငြိမ်းချမ်းရေးဖခင်ကြီးဆိုတဲ့ မြင့်မားတဲ့ ဂုဏ်ကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။

တခါတုန်းက စာရေးဆရာမောင်မိုးသူက ဆရာမြို့မငြိမ်းရဲ့ ခေတ်ရှေ့ပြေးနေတဲ့ အယူအဆကိုသက်သေပြဖို့ ကြိုးစားရှာဖွေရာမှာ လူချွန်လူကောင်းသီချင်းထဲက ကမ္ဘာကြည့်ကြည့်မြင် ဆိုတဲ့စာသားကို ထုတ်နှုတ်ကိုးကားပြီးသက်သေထူခဲ့ပါတယ်။

ကျနော်လည်းပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘာ့ကြောင့်ငြိမ်းချမ်းရေးဖခင်ကြီး ဖြစ်လာခဲ့ရတာလည်းဆိုတာကို အထင်အရှားသက်သေပြနိုင်တဲ့ သက်သေခံအချက်အလက်ကိုရှာဖွေရာမှာ ဆရာကြီးနောက်ဆုံးရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲက ̏ မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့တူချင်လည်းတူကြ၊ မတူချင်လည်းနေကြပေါ့ ˝ ဆိုတဲ့ စာသားကိုတွေ့ရှိနိုင်ခဲ့တယ်လို့ ပြောနိုင်မလားပဲ။

တကယ်တော့ မြန်မာစာပေလောကမှာ ̏ဗဟုဝါဒ˝ကိုစတင် တင်ပြလာခဲ့သူလို့ အများကယူဆထားကြတဲ့ ဆရာဒဂုန်တာရာထက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက နှစ်(၂၀)ခန့်စေါြ့ပီး ဗဟုဝါဒကို မြင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာဒဂုန်တာရာတို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အခိုင်မြဲဆုံးလက်တွဲဆောင်ရွက်နို်င်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုကျနော် တင်ပြခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးခဲ့တဲ့ ကဗျာစာသားတွေဟာ ဆရာကြီးသက်ရှိထင်ရှားရှိစဉ် ၁၉၅၉ ခုနှစ်အတွင်းရေးဖွဲ့ခဲ့တယ်ဆိုတဲ့ ဆရာမောင်တင်ရွှေ ပြုစုတဲ့ သခင်ကိုယ်တော်မှိုင်းစာအုပ်မှာတွေ့ရှိမှတ်သားနိုင်ခဲ့တာပါ။

ကျွန်တော်တို့ဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းခင်းခဲ့တဲ့ စစ်မှန်တဲ့မျိုးချစ်စိတ်ဓါတ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာလမ်းစဉ်တွေအပေါ်က သွေဖီမသွားစေဖို့ဆိုရင် ဆရာကြီးရဲ့ သက်ဆိုင်ရာ မူဝါဒလမ်းစဉ်တွေကိုတော့ ကြေကြေညက်ညက် နားလည်ထားသင့်ကြောင်း ယုံကြည်မိပါတယ်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။ မောင်တင်ရွှေပြုစုတဲ့ သခင်ကိုယ်တော်မှိုင်းစာအုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly