ချယ်လ်ဆီးတောင်ပံကစားသမား ဆာလက်ရှ်ကို ရိုးမား အငှားဖြင့်ခေါ်ယူ

ချယ်လ်ဆီးတောင်ပံကစားသမား ဆာလက်ရှ်ကို ရိုးမား အငှားဖြင့်ခေါ်ယူ

သြဂုတ် ၇၊ ရောမ ။       ။ ရိုးမားအသင်းသည် ချယ်လ်ဆီးအသင်းမှ အီဂျစ်လက်ရွေးစင်တောင်ပံကစားသမား မိုဟာမက်ဆာလက်ရှ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဆာလက်ရှ်သည် ချယ်လ်ဆီးအသင်းတွင် နေရာမရသည့်အတွက် ပြီးခဲ့သည့်ရာသီကလည်း ဖီအိုရင်တီးနားအသင်းတွင် အငှားသွားရောက်ကစားခဲ့သူ ဖြစ်သည်။ ဖီအိုရင်တီးနားတွင် ခြေစွမ်းပြပြီး ၉ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း မော်ရင်ဟို၏ ဦးစားပေးစာရင်းတွင် မပါဝင်သည့်အတွက် ယခုကဲ့သို့ ထပ်မံ အငှားထွက်ကစားခြင်း ဖြစ်သည်။

'ဆာလက်ရှ်ကို တစ်ရာသီအငှားချဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ရိုးမားအသင်းတို့ သဘောတူညီမှု ရခဲ့ပါပြီ။ ဒီသဘောတူညီမှုမှာ ဆာလက်ရှ်ကို ဝယ်ယူနိုင်မယ့် အချက်လည်း ပါဝင်ပါတယ်' ဟု ချယ်လ်ဆီးအသင်းက ကြေညာခဲ့သည်။

ရိုးမားအသင်းကလည်း ဆာလက်ရှ်သည် လက်ရှိအချိန်တွင် အီဂျစ်ဘောလုံးသမားများထဲ၌ အကောင်းဆုံးကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ရိုးမားသို့ ပြောင်းရွှေ့နိုင်ပြီးနောက်တွင် ဆာလက်ရှ်က 'ဒီအသင်းမှာ ရှိနေတဲ့လူတွေအားလုံးက စီးရီးအေချန်ပီယံဆုကို ရယူလိုနေပြီး မြင့်မားတဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော်တို့အတွက်ရော ပရိသတ်တွေအတွက်ပါ ကောင်းပါတယ်။ ဒီအသင်းက လူတိုင်းက ပရိသတ်တွေပျော်ရွှင်အောင် အကောင်းဆုံးကြိုးစားလုပ်ဆောင်ပေးပါလိ့မ်မယ်' ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း တယ်လီဂရပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly