ပြည်မြို့တွင် မြစ်ရေ အနည်းငယ်ပြန်ကျသော်လည်း ရေဘေးသင့်ပြည်သူများ အိမ်မပြန်နိုင်သေး

ပြည်မြို့တွင် မြစ်ရေ အနည်းငယ်ပြန်ကျသော်လည်း ရေဘေးသင့်ပြည်သူများ အိမ်မပြန်နိုင်သေး

ပြည်၊ဇူလိုင် ၂၃ ။            ။ ဧရာဝတီမြစ်ရေကြီးမှုကြောင့် နေအိမ်များနစ်မြှုပ်ခဲ့သော ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇူလိုင် ၂၁ ရက် နှင့် ၂၂ ရက်များတွင် ရေပြန်ကျခဲ့သော်လည်း   ရေဘေးသင့်ပြည်သူများမှာ အိမ်မပြန်နိုင်သေးဘဲ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှံုနေရဆဲဖြစ်သည်။

" အနိမ့်ပိုင်းအိမ်တွေ နေလို့ရတဲ့ အိမ်တွေလောက်ပဲပြန်လို့ရမယ်။ ရေက လုံးလုံးကြီးကျသွားတာမျိုး မဟုတ်တော့ အိမ်ပြန်နေလို့ မရသေးဘူး” ဟု နဝင်းနယ်မြေ ဘောဂရပ်ကွက်မှ ရေဘေးဒုက္ခသည်တစ်ဦး က ဆိုသည်။

ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ဇူလိုင်လ ၂၀ ရက်တွင် ၂၈၆၅ စင်တီမီတာအထိ အမြင့်ဆုံး တက်ခဲ့ပြီး ၊ဇူလိုင် ၂၁ ရက်နေ့ မနက် ၆နာရီခွဲတွင် ၂၈၆၁ စင်တီမီတာ၊ နေ့လည် ၁၂ နာရီခွဲတွင် ၂၈၅၉၊ ညနေ ၆နာရီခွဲတွင် ၂၈၅၇ စင်တီမီတာ အထိရှိခဲ့သည်။ ဇူလိုင် ၂၂ ရက် မနက် ၆ နာရီခွဲတွင် ၂၈၅၀ နှင့် နေ့လည် ၁၂ နာရီခွဲတွင် ၂၈၄၆ စင်တီမီတာ အထိ အဆင့်ဆင့် ထိုးကျခဲ့ကြောင်း ပြည်ခရိုင် မိုးလေဝသ နှင့်ဇလဗေဒ ဦးစီး ဌါနရုံးမှသိရသည်။

“အခုရေက တော့ စိုးရိမ်စရာတော့ မရှိပါဘူး။ ၀ါခေါင်ဒုတိယ ရေလာနိုင်သေးတယ်။ ဒုတိယရေက လည်းစိုးရိမ်စရာတော့မဟုတ်ဘူး။ စိုးရိမ်ခြေအမှတ်ကို ရောက်သွားနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ပြီး လုပ်ထားရင်တော့ အကောင်းဆုံးပေါ့”ဟု ပြည်ခရိုင်မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ကြည်က ဆိုသည်။

ဇူလိုင် ၁၉ ရက်အထိ ဧရာဝတီမြစ်ရေ ၀င်ရောက်မှုကြောင့် ပြည်မြို့နဝင်းနယ်မြေ ဖိုးခေါင်ရပ်ကွက်၊ မာလကာကုန်းရပ်ကွက်၊ ဘောဂရပ်ကွက်မှ၊ နဝင်းမြောက်၊ နဝင်းလယ်၊ ရွှေပလ္လင်မှော်အောက်ချိုင့်၊ ၀ါရုံတာရိုး တို့မှ  အိမ်ခြေ ၁၅၁၆ လုံးရေဝင်ခဲ့သည်။

" ရေက တစ်တောင်ေလောက်ပဲ ကျတာ ၊ အခု လောလောဆယ် အိမ်ပြန်နေတဲ့ လူမရှိသေးဘူး"ဟု နဝင်းတာရိုးတွင် ယာယီတဲထိုးနေသည် ့ ရေဘေးဒုက္ခသည် ကိုကျော်မင်းသူက ဆိုသည်။

၀ါဆိုဘုန်းတော်ကြီးကျောင်း၊ နဝင်းချောင်းကူးတံတားချဉ်းကပ်လမ်းဘေး၊ နဝင်းတာရိုး ၊  ရွှေပလ္လင်မှော်ဘုရား၊ ဖိုးခေါင်လမ်းမကြီးဘေး၊ အိမ်ထောင်စု ၅၂၃ ခု လူဦးရေ ၁၉၈၂  ခိုလှံုနေခဲ့ရပြီး ဇူလိုင် ၂၂ ရက်အထိ အိမ်ပြန်သူမရှိသေးပေ။

ရေကြီးသည့်အတွက် လျှပ်စစ်မီးဖြတ်တောက်ထားသော ရွှေပလ္လင်မှော် အောက်ချိုင့်၊ မာလကာကုန်း နှင့် ဘောဂရပ်ကွက်များကို လည်း လျှပ်စစ်ဌာနက ဇူလိုင် ၂၂ ရက်တွင် ဓာတ်အားပြန်လည် လွှတ်ပေးခဲ့သည် ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required