မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ရှင်နှင့် ပြန်ဆက်သွယ်၍ အထောက်အထား လုပ်နိုင်မည်ဟု ဘန်ကောက်သံရုံးမှ စာထုတ်

မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ရှင်နှင့် ပြန်ဆက်သွယ်၍ အထောက်အထား လုပ်နိုင်မည်ဟု ဘန်ကောက်သံရုံးမှ စာထုတ်

ချင်းမိုင်၊ဇူလိုင်လ ၂၃ ။           ။ ထိုင်းဥပဒေသစ်ကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံသို့ ပြန်လည် အလုပ်လုပ်လိုပါက မိမိလုပ်ကိုင်ခဲ့သော ထိုင်းအလုပ်ရှင်နှင့် ပြန်လည် ဆက်သွယ်၍ နှစ်ဦးသဘောတူညီချက်ဖြင့် ပြန်လည် ဝင်ရောက်နိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံ၊ အလုပ်သမားသံအရာရှိရုံးက ဇူလိုင်လ ၂၂ ရက်က အသိပေးစာ ထုတ်ပြန်လိုက်သည်။

အလုပ်သမားများကို ပြန်လည် အလုပ်ခန့်လိုသော အလုပ်ရှင်များအနေဖြင့် ထိုင်း-မြန်မာနယ်စပ် ဒေသများဖြစ်သော မဲဆောက်-မြဝတီ၊ ရနောင်း-ကော့သောင်း၊ မယ်ဆိုင်-တာချီလိတ် စသည့်မြို့များသို့ သွားရောက်၍ သက်ဆိုင်ရာ နယ်မြေ မှတ်ပုံတင်ရေးဆိုင်ရာ ယာယီ ဗဟိုဌာနများသို့ သတင်းပေး၍ ထိုင်းနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်၍ ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ရ ရက်အထိ ပိတ်ရက်မရှိ ၁၅ ရက်အတွင်း စာရင်းသွင်းနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

“လုပ်ငန်းစဉ်ဆိုတာက အလုပ်ရှင်က သူ့ရဲ့ အလုပ်သမားမှန်ကန်ကြောင်းကို ကျဟာငန် အလုပ်သမားရုံးက သတ်မှတ်တဲ့ စာရွက်စာတမ်းနဲ့ အလုပ်သမားရုံးကို သွားပြီး စာရင်းသွင်းရမယ်။ သွင်းတဲ့အချိန်မှာ အဲဒီအလုပ်သမားရုံးကို မှန်ကန်တယ်ဆိုရင် အထောက်အထား စာရွက် ထောက်ခံစာနဲ့ အလုပ်သမားတွေ 7/11 မှာ ငွေသွင်းဖို့ ရှိမယ်။ ငွေသွင်းတာတော့ အဲဒီ စီအိုင် Process အတိုင်းပဲ။ အခမဲ့ဆိုတာသည် စာရင်းသွင်းတဲ့ကိစ္စကို ပြောတာ”ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားအရာ ဦးနိုင်မင်းသူက ပြောသည်။

ထိုသို့ စာရင်းသွင်းပြီးပါက ထိုင်းနိုင်ငံရှိ မှတ်ပုံတင်ရေးဆိုင်ရာ ယာယီ ဗဟိုဌာနမှ လုပ်ရှင်နှင့် အလုပ်သမားအဖြစ် စိစစ် အတည်ပြုပြီးပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်ရန်အတွက် ထောက်ခံချက် စာရွက်စာတမ်းများ ထုတ်ယူရမည်။

အဆိုပါ လုပ်ငန်းစဉ်များအတွက် အခမဲ့ဆောင်ရွက်ပေးမည် ဖြစ်၍ အလုပ်ရှင်နှင့် အလုပ်သမားများ ကိုယ်တိုင် သွားရောက် လုပ်ဆောင်စေလိုကြောင်း ဦးနိုင်မင်းသူက ပြောသည်။

“ကျွန်တော်တို့က အရင်တုန်းကလည်း စီအိုင်ကတ်လုပ်တဲ့ လုပ်ငန်းစဉ်ကို ကုန်ကျမှု နည်းအောင် 7/11မှာ ကိုယ်တိုင်သွားသွင်း ၊ သွင်းပြီးတော့ အဲဒီပြေစာနဲ့ စီအိုင်စခန်းကို ကိုယ်တိုင်သွားလုပ်ရတယ်။ ဒါပေမယ့် တချို့အလုပ်သမားတွေက ဒါရိုက် မလုပ်ကြဘူး။ ပွဲစားနဲ့ ကြားခံပြီးတော့ လုပ်တဲ့အပိုင်းမှာ ငွေကြေး ပိုကုန်ကျတာတွေ ရှိနေတာပေါ့နော်။ ကိုယ်ကိုယ်တိုင် လုပ်ဖို့။ ကိုယ်ကိုယ်တိုင်လုပ်ဖို့ အခွင့်အရေး ပေးထားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဗဟိုဌာနမှ စီစစ်အတည်ပြုပြီးသည့် ထောက်ခံချက် စာရွက်စာတမ်းများနှင့်အတူ 7/11 စတိုးဆိုင်များတွင် ဖွင့်လှစ်ထားသော နီးစပ်ရာငွေသွင်းကောင်တာများသို့ သွားရောက်ကာ မည်သူမည်ဝါဖြစ်ကြေင်း သက်သေခံ လက်မှတ် စာအုပ်အတွက် ထိုင်းဘတ်ငွေ ၃၀၀ ပေးသွင်းကာ ငွေသွင်းပြေစာနှင့်အတူ ပြေစာပေါ်၌ သတ်မှတ်ပေးထားသော နေ့ရက်တွင် CI ထုတ်ပေးသည့် စခန်းသို့ သွားရောက် လျှောက်ထားထုတ်ယူရမည် ဖြစ်သည်။

CI စာအုပ် ရရှိပြီးပါက အလုပ်သမားများအနေဖြင့် နေထိုင်ခွင့် (Visa)နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(Work Permit) ရရှိရန်အတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူမှုဖုံလုံရေးကတ် ပြုလုပ်ရန် ထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီ သတ်မှတ်ပေးထားသော နေရာတွင် ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဗီဇာခ ဘတ် ၅၀၀ ၊ ကျန်းမာရေးစစ်ခ ၅၀၀ နှင့် အလုပ်လုပ်ခွင့်လက်မှတ် ခ ၁၀၀၀ ဘတ် ကုန်ကျမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများအတွက် စင်တာ ၉၉ ခု ဖွင့်လှစ်ပေးပြီး စင်တာ ၁ ခုတွင် ကောင်တာ ၃၀ ထားရှိ၍ တစ်ရက်လျှင် အလုပ်သမားဦးရေ ၃ သောင်းကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား အထောက်အထား စာရွက်စာတမ်း ပြုလုပ်ပေးမည့် အစီအစဉ်တွင် အလုပ်ရှင် ကိုယ်စား ကြားလူများက ဝင်ရောက်လုပ်ပေးခွင့် ပေးထားသဖြင့် အလုပ်သမားများကို ပွဲစားများ ခေါင်းပုံဖြတ်မှုများ ရှိလာမည်ကို အလုပ်သမားအရေးဆောင်ရွက်နေသူများက စိုးရိမ်ကြသည်။

ဇွန်လ ၂၀ ရက်နေ့ ထိုင်းအစိုးရက နိုင်ငံခြားသားအလုပ်သမားများ စီမံချက် အက်ဥပဒေသစ် ပြဌာန်းလိုက်ပြီးနောက် အလုပ်သမားအများအပြား ဖမ်းဆီးခံရသဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား သောင်းချီက မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သည်။

ထို့နောက် ထိုင်းအလုပ်ရှင်များ အလုပ်သမား ရှားပါးမှု ပြဿနာများ ကြံုတွေ့လာသဖြင့် အဆိုပါ ဥပဒေကို လာမည့် ဒီဇင်ဘာလအထိ ဆိုင်းငံ့ထား၍ အထောက်အထားမဲ့ အလုပ်သမားများကို တရားဝင် အထောက်အထား ပြုလုပ်ပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required